Connect with us

Asia

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ဆက်ဆံရေးမြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကတိပြု

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (ရှေ့တန်းယာဘက် စတုတ္ထမြောက်) နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ရှေ့တန်းဝဲဘက် စတုတ္ထမြောက်) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့က အစည်းအဝေးအတွင်း သြဂုတ်လ ၁ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ အစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့်ပတ်သက်သည့်မူဝါဒအား စဉ်ဆက်မပြတ် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းနှင့် ခိုင်မာမှုရှိသော ထိုင်း-တရုတ် ဆက်ဆံရေး တည်ထောင်ရန် ကတိပြုခဲ့ကြောင်း အစည်းအဝေးအတွင်း ပရာယွတ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမဖော်ဆောင်မှုက ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာအပေါ် အကျိုးစေမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် ထိုဖော်ဆောင်မှု၏ ဖွံ့ဖြိုးတိုးတက်မှုတွင် တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်က ဆိုသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (ရှေ့တန်းယာဘက် စတုတ္ထမြောက်) နှင့် တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့်ပြင် ထိုင်းနိုင်ငံက တရုတ်နိုင်ငံနှင့် ထိုင်း-တရုတ်ရထားလမ်း တည်ဆောက်ရေး တွန်းအားပေးသွားရန် အသင့်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် တရုတ် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ကြရန် ဖိတ်ခေါ်ကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အစဉ်အလာရှိပြီးသား တရုတ်-ထိုင်း ချစ်ကြည်ရေးအား ချီးကျူးပြောကြားလိုက်ပြီး နှစ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်အား ပူးတွဲတည်ထောင်ရာတွင် အသိအမှတ်ပြုလောက်ဖွယ် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ထိုင်းနိုင်ငံမှ အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတင်ပို့ရန်နှင့် တရုတ်-ထိုင်း ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့်တင်ရန် အသင့်ရှိကြောင်း ဝမ်က ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)