Connect with us

Asia

တောင်ကိုရီးယားတွင် ခရီးသွား ဘတ်စ်ကား မီးလောင်၊ လူ ၁၀ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

မီးလောင်ကျွမ်းခဲ့သည့် ဘတ်စ်ကားအား မီးသတ်သမားများနှင့် ကယ်ဆယ်ရေးသမားများ ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Ulsan မြို့အနီး၌ ခရီးသည်များ တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီး မီးလောင်ကျွမ်းခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာက အောက်တိုဘာလ ၁၄ ရက်က ကြေညာလိုက်သည်။

ယင်း ဘတ်စ်ကား တစ်စီးသည် ဒေသခံ ဓာတုဗေဒ ကုမ္ပဏီ တစ်ခုမှ အငြိမ်းစားယူထားသည့် ဝန်ထမ်းများ တင်ဆောင်လာပြီး အောက်တိုဘာလ ၁၃ ရက် ဒေသစံတော်ချိန် ည ၁၀း၁၁ နာရီအချိန်တွင် Ulsan မြို့အနီး အဝေးပြေးလမ်းမကြီးပေါ်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ခရီးသည် ၂၀ အားတင်ဆောင်လာသည့်အနက် ၁၀ ဦးမှာ အရေးပေါ်တူများဖြင့် ပြတင်းပေါက်များအား ရိုက်ခွဲကာ ခုန်ထွက်နိုင်ခဲ့ကြောင်း၊ ဘတ်စ်ကား တံခါးပေါက်များအား အဝေးပြေးလမ်းမ၏ လမ်းဘေးအကာ လက်ရန်းများက ပိတ်မိနေခြင်းကြောင့် အခြားသူများမှာ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူ ၇ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ တစ်ဦးမှာ ခရီးသည်များအား ကယ်ဆယ်ရန် ကြိုးပမ်းစဉ် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ခရီးသည်များအားလုံးသည် Hanwha Chemical မှ အငြိမ်းစား ဝန်ထမ်းများနှင့် ၎င်းတို့၏ ဇနီးသည်များ ဖြစ်ပြီး အသက် ၅၀ နှစ်ကျော်မှ ၇၀ နှစ်ကျော်များ ဖြစ်ပြီး တရုတ်နိုင်ငံသို့ အဖွဲ့လိုက် ခရီးသွားခဲ့ပြီးနောက် Ulsan မြို့သို့ ပြန်လာသည့် ခရီး၌ ယခုလို ကားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘတ်စ်ကားသည် အဝေးပြေးလမ်းမကြီး လမ်းဘေး အကာတန်းများရှိရာ မီတာ ၂၀၀ ခန့် ရှည်လျားသည့် လမ်းအပိုင်းအတွင်း လမ်းချော်သွားခဲ့ပြီး အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ကြောင်း၊ အသေးစိတ် အချက်အလက်များအား စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)