Connect with us

Asia

ဖိလစ်ပိုင်တောင်ပိုင်း အကျဉ်းထောင်တစ်ခုအား သေနတ်သမားတစ်ဦးဝင်စီးခဲ့ပြီးနောက် အကျဉ်းသား ၁၅ဝ ကျော်ထွက်ပြေးလွတ်မြောက်

ဖိလစ်ပိုင်နိုင်ငံ အကျဉ်းထောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇန်နဝါရီလ ၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အကျဉ်းထောင်တစ်ခုအား သေနတ်သမားတစ်ဦးက ဇန်နဝါရီလ ၄ ရက် နံနက်အစောပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကျဉ်းသား ၁၅ဝ ဦးကျော် ထွက်ပြေးလွတ်မြောက်သွားကြောင်း တာဝန်ရှိသူများက ပြောသည်။

မြောက် Cotabato ပြည်နယ် ရှိအကျဉ်းထောင်ကို ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် အကျဉ်းသား အနည်းဆုံး ၁၅၈ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ထောင်မှူးကြီး Peter Bongat ကပြောသည်။

အဆိုပါ အကျဉ်းထောင်ထဲတွင် Mindanao အလယ်ပိုင်းအခြေစိုက် Bangsamoro အစ္စလမ်မစ်လွတ်မြောက်ရေးတိုက်သူများအဖွဲ့မှ နာမည်ကျော် သူပုန်ခေါင်းဆောင် အပါအဝင် အကျဉ်းသား စုစုပေါင်း ၁၅၁၁ ဦး ချုပ်နှောင်ထားကြောင်း ၎င်း ကဆက်ပြောသည်။

အဆိုပါ ထောင်စီးနင်းခံရမှုတွင် အနည်းဆုံး ထောင်မှူးတစ်ဦး သေဆုံးပြီး အခြား တစ်ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီဒီယာများက သတင်းဖော်ပြခဲ့သည်။တိုက်ခိုက်မှု နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ထုတ်ဖော်ကြေညာထားခြင်းမရှိပေ။

မျက်မြင်သက်သေများအဆိုရ သေနတ်သမားသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စွမ်းဆောင်ရည်မြင့် သေနတ်များကို အသုံးပြုခဲ့ကြောင်း ၊ မူးယစ်ဆေးဝါးမှုများ နှင့် လူသတ်မှုများဖြင့် ထောင်ကျနေသည့် အကျဉ်းသားများကို လွတ်မြောက်စေရန် အတွက် စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု ယူဆရကြောင်း ပြောကြားခဲ့သည်။

ထွက်ပြေးလွတ်မြောက်သွားကြသည့် အကျဉ်းသားများကို လက်ရပြန်လည်ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း Bongat က ဆိုသည်။ အခင်းဖြစ်အကျဉ်းထောင်မှ ၂ဝ၁၆ ခုနှစ် သြဂုတ်လကလည်း ဖောက်ခွဲပစ္စည်များ နှင့် တရားမဝင်မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုဖြင့် အမှုရင်ဆိုင်နေရသောအကျဉ်းသား သုံးဦးထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည်။

ဈေးဝယ်စင်တာကို ၂ဝဝ၇ ခုနှစ်က ဗုံးဖောက်ခွဲရာတွင် နောက်ကွယ်က ကြိုးကိုင်သူများအဖြစ်ပါဝင်ခဲ့သော နာမည်ကြီး အကျဉ်းသားသုံးဦးသည်လည်း Amas မြို့ရှိ အကျဉ်းထောင်မှ ၂ဝဝ၉ ခုနှစ်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည်။

ထို့ပြင် ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်ကလည်း အဆိုပါ အကျဉ်းထောင်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပြစ်မှုကြီးတရားခံ အများစုပါဝင်သည့် အကျဉ်းသား ၄၉ ဦးထွက်ပြေးလွတ်မြောက်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.