Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဆက်တိုက်ဖြစ်ပွား၊အနည်းဆုံးလူ ၁၅ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံSulu ပြည်နယ်Jolo မြို့ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအားဩဂုတ်၂၄ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ၊ဩဂုတ်၂၅ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း  Sulu ပြည်နယ် Joloမြို့တွင် ဩဂုတ်၂၄ ရက်က ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာသူ ၇၅ ဦး ရှိကြောင်းသိရသည်။

ဖိလစ်ပိုင်စစ်တပ်ကအဆိုပါတိုက်ခိုက်မှုသည်အစွန်းရောက်လက်နက်ကိုင်အဖွဲ့Abu Sayyaf ၏လက်ချက်ဖြစ်နိုင်သည်ဟု သံသယရှိနေကြောင်းသိရသည်။

နှစ်ကြိမ်တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှုများဖြစ်ပွား

ဖိလစ်ပိုင်နိုင်ငံအနောက် Mindanao စစ်ဌာနချုပ်တိုင်းမှူးCorleto Vinluan က အချင်းဖြစ်ပွားမှုကြောင့်တပ်ဖွဲ့ဝင်၇ ဦး၊ အရပ်သား ၆ ဦး၊ ရဲတပ်ဖွဲ့ဝင်၁ ဦးနှင့် အသေခံတိုက်ခိုက်သူ၁ဦးသေဆုံးခဲ့ပြီးအရပ်သား ၄၈ ဦး၊ တပ်ဖွဲ့ဝင်၂၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင်၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရမှုအများစုမှာ ပထမအကြိမ်ဖောက်ခွဲတိုက်ခိုက်ခြင်း ကြောင့်ဖြစ်ကြောင်းဆိုသည်။

ဖိလစ်ပိုင်နိုင်ငံSulu ပြည်နယ်Jolo မြို့ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအားဩဂုတ်၂၄ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဖောက်ခွဲတိုက်ခိုက်မှုနှစ်ကြိမ်စလုံးသည်Jolo မြို့ လယ်ခေါင်တွင်ဖြစ်ပွါးခဲ့ပြီးပထမအကြိမ်  ဖောက်ခွဲတိုက်ခိုက်မှုသည် ၁၂ နာရီခန့်က  ကုန်စုံဆိုင်တစ်ဆိုင်အပြင်ဘက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒုတိယအကြိမ်မှာ  ၁ နာရီခန့်အကြာ မနီးမဝေးရှိဘုရားရှစ်ခိုးကျောင်း၏အပြင်တွင်ဖြစ်ကြောင်းသိရသည်။

လူတစ်ဦးက၎င်းစီးနှင်းလာသည့်မော်တော်ဆိုင်ကယ်ကိုကုန်စုံဆိုင်အပြင်ဘက်တွင်နှစ်မိနစ်သုံးမိနစ်ကြာရပ်ထားပြီးနောက်ဆိုင်ကယ်ပေါ်တွင်ပါလာသည့်ဖောက်ခွဲရေးပစ္စည်းများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊အချင်းဖြစ်ပွားစဉ်ထိုနေရာတွင်စစ်တပ်မော်ယာဉ်နှစ်စီးရပ်နားထားကြောင်း၊ဖောက်ခွဲမှုကြောင့်တပ်ဖွဲ့ဝင်နှင့်အရပ်သားများသေဆုံးဒဏ်ရာရခဲ့ရာတပ်ဖွဲ့ဝင်၆ဦးသေဆုံးခဲ့ကြောင်းဖိလစ်ပိုင်စစ်တပ်ကဆိုသည်။

ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ကအချင်းဖြစ်နေရာကိုပိတ်ဆို့ခဲ့ကြောင်း၊ဘုရားရှစ်ခိုးကျောင်းအပြင်တွင်အမျိုးသမီးတစ်ဦးအားတပ်ဖွဲ့ဝင်များက  တားဆီးရာတွင်၎င်းကခန္ဓာကိုယ်ပေါ်ရှိဖောက်ခွဲရေးပစ္စည်းများနှင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတပ်ဖွဲ့ဝင်တစ်ဦး၊ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်အသေခံတိုက်ခိုက်သူတစ်ဦးသေဆုံးခဲ့ပြီးလူအချို့ဒဏ်ရာရခဲ့ကြောင်းဖိလစ်ပိုင်စစ်တပ်ကပြောကြားခဲ့သည်။အချင်းဖြစ်ပွားပြီးနောက်စစ်တပ်မှနယ်မြေရှင်းလင်းရေးများလုပ်ဆောင်ကာသံသယရှိသူများအားလိုက်လံစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဖိလစ်ပိုင်နိုင်ငံSulu ပြည်နယ်Jolo မြို့ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအားဩဂုတ်၂၄ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အစွန်းရောက်အဖွဲ့၏လက်ချက်ဟုသံသယဖြစ်ဖွယ်ရှိ

ယခုဖြစ်ပွားသည့်ဖောက်ခွဲတိုက်ခိုက်မှုသည်Abu Sayyaf လက်နက်ကိုင်အဖွဲ့၏လက်ချက်ဖြစ်နိုင်သည်ဟုကနဦးခန့်မှန်းရပြီးအဓိကလမ်းညွှန်ကြိုးကိုင်သူမှာယင်းအဖွဲ့ခေါင်းဆောင်Mundi Sawadjaanဖြစ်နိုင်ကြောင်း၊၂၀၁၉ခုနှစ်  Sulu ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့်ဖောက်ခွဲတိုက်ခိုက်မှုနှစ်ခုသည်လည်း၎င်းကြိုးကိုင်ခဲ့ခြင်းဖြစ်ကြောင်းVinluan ကဆိုသည်။

ပြီးခဲ့သည့်အပတ်တွင်စစ်တပ်အရာရှိများကSawadjaanသည်အသေခံတိုက်ခိုက်ရန်အမျိုးသမီးနှစ်ဦးကိုလုပ်ဆောင်ခိုင်းထားကြောင်းဆိုသည်။၂၀၁၉ခုနှစ်ဇန်နဝါရီလကJoloမြို့ဘုရားရှစ်ခိုင်းကျောင်းတစ်ခုတွင်အသေခံဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာလူ၂၀ကျော်သေဆုံးပြီး၁၀၀ကျော်ဒဏ်ရာရရှိခဲ့သည်။

၂၀၁၉ခုနှစ်ဇွန်လတွင်Suluပြည်နယ်ရှိစစ်ဘက်ဆိုင်ရာကွပ်ကဲရေးစခန်းတွင်အသေခံဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာတပ်ဖွဲ့ဝင်၅ဦးသေဆုံးခဲ့သည်။ ယင်းဖောက်ခွဲမှုနှစ်ခုသည်Abu Sayyafလက်နက်ကိုင်အဖွဲ့ ၏လက်ချက်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံအစိုးရက ယူဆထားသည်။

ဖိလစ်ပိုင်နိုင်ငံSulu ပြည်နယ်Jolo မြို့ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အချင်းဖြစ်နေရာအားဩဂုတ်၂၄ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

Abu Sayyafလက်နက်ကိုင်အဖွဲ့သည် ၁၉၉၀ပြည့်နှစ်များအစောပိုင်းတွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီးအဓိကအားဖြင့် Suluပြည်နယ်စသည့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကျွန်းစုများတွင် လှုပ်ရှားသွားလာလျက်ရှိရာ ပြန်ပေးဆွဲတိုက်ခိုက်မှုအကြိမ်များစွာပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအဖွဲ့သည်၂၀၁၄ခု နှစ်တွင်အစွန်းရောက်အဖွဲ့ဖြစ်သည့်အစ္စလာမ္မစ်နိုင်ငံအဖွဲ့(IS)ကိုသစ္စာခံကြောင်းကြေညာခဲ့သည်။ Abu Sayyafလက်နက်ကိုင်အဖွဲ့သည်လက်ရှိတွင်အဖွဲ့ဝင်၃၀၀မှ၄၀၀အထိရှိနိုင်ကြောင်းဖိလစ်ပိုင်စစ်တပ်၏ခန့်မှန်းထားကြောင်းသိရသည်။(Xinhua)