Connect with us

Asia

၃၅ ကြိမ်မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပ ၊ လက်တွဲပူးပေါင်းမှုဖြင့် စိန်ခေါ်မှုများကိုရင်ဆိုင်ရန် အလေးအနက်ထားပြောကြား

၃၅ ကြိမ်မြောက် အာဆီယံမျက်နှာစုံညီ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် စုံပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ဘန်ကောက်၊နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ)

၃၅ ကြိမ်မြောက် အာဆီယံမျက်နှာစုံညီအစည်းအဝေးနှင့် အရှေ့အာရှပူးပေါင်ဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အခမ်အနားဖွင့်ပွဲအမှာစကားပြောကြားရာတွင်  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားကာ စိန်ခေါ်မှုများကို အတူရင်ဆိုင်ရင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ကြရန် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်သည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်  ပရာယွတ်ချန်အိုချာက ပြောကြားခဲ့ကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးလာခြင်း၊  ကုန်သွယ်ရေး ပွတ်တိုက်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းနှင့်ဒေသများတွင်  ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုများပြားလာခြင်းစသည်တို့ အပါအဝင် စိန်ခေါ်မှုများနှင့် မသေချာမရေရာမှုများကို အာဆီယံနှင့် တစ်ကမ္ဘာလုံးက ရင်ဆိုင်နေရကြောင်း ၊ ဘက်ပေါင်းစုံဝါဒ စိန်ခေါ်ခံရချိန် ချစ်ကြည်ရေးနှင့်မိတ်ဖက်ဆက်ဆံရေးသည် မိမိတို့၏ဒေသစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အရေးကြီးကြောင်း  ပရာယွတ်ချန်အိုချာက ဆိုသည်။ 

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်  ပရာယွတ်ချန်အိုချာက ဖွင့်ပွဲအမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ဒေသရေရှည်ငြိမ်းချမ်းတည်ငြိမ်သည့် ပတ်ဝန်းကျင်ကို တည်ဆောက်ရန် ဖန်တီးရမည်ဖြစ်ကြောင်း ၊ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်(RCEP)ကို ယခုနှစ် နှစ်ကုန်မတိုင်မီ အပြီးသတ်ဆွေးနွေးရန်အတွက် ဘက်ပေါင်းစုံက ဆက်လက် တွန်အားပေးကြရန် ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်နှင့် ဧရာ၀တီ -ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(ACMECS)၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို  ပင်လယ်ကွေ့ဒေသစသည့် ဒေသစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံကြရန်  ၊ အာဆီယံဒေသ ဒေသတွင်းဒေသပြင်ပ အပြန်လှန်ချိတ်ဆက်မှုများနှင့် အာဆီယံကွန်ရက်ကိုကြားလပ်နေရာမရှိ ချိတ်ဆက်မှုကို တည်ဆောက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

၃၅ ကြိမ်မြောက် အာဆီယံ မျက်နှာစုံညီထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးကို နိုဝင်ဘာ ၂ရက်မှ ၄ ရက်အထိ ဘန်ကောက်မြို့တွင်ကျင်းပမည်ဖြစ်ကြောင်း ၊ ဖွင့်ပွဲမတိုင်မီ အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်များက နိုဝင်ဘာ ၂ ရက်တွင်  စုံညီအစည်းအဝေးပွဲကျင်းပခဲ့ရာ အာဆီယံ ကံတူအကျိုးတူအသိုက်အဝန်း တည်ဆောက်ရေးဆွေးနွေးခဲ့ကြပြီး အာဆီယံအနာဂတ်ဖွံ့ဖြိုးရေးဦးတည်ချက်၊ အရှေ့တောင်အာရှဒေသ ကဏ္ဍစုံ ရေရှည်ဖွံ့ဖြိုးရေးတိုးမြှင့်ရန် အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။  (Xinhua)