Connect with us

Asia

တရုတ်နိုင်ငံနှင့် အာဆီယံတို့ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလေးထားဆောင်ရွက်သွားမည်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါဆိုင်ရာ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တက်ရောက်လာသူများ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Deng Xijun က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေး သုတေသနနှင့် ဖော်ထုတ်မှု၌ ရှေ့ပြေးဆောင်ရွက်နေသူများအကြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် သတင်းအချက်အလက် မျှဝေခြင်း ပိုမိုခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်သလို ကာကွယ်ဆေး သုတေသန၊ ဖော်ထုတ်မှု၊ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း Deng က ပြောခဲ့သည်။

“ဥပမာအနေနဲ့ တရုတ်-အင်ဒိုနီးရှား ကာကွယ်ဆေး ပူးပေါင်းဆောင်ရွက်မှုက ကောင်းကောင်းမွန်မွန် တိုးတက်နေပါတယ်။ တရုတ်နိုင်ငံရဲ့ Sinovac Biotech နဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ Bio Farma တို့က ကာကွယ်ဆေးတွေကို အတူတကွ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် လက်ရှိတွင် ဒေသဆိုင်ရာ ငွေကြေးလုံခြုံမှုကွန်ရက်တွင် လုပ်ဆောင်နေပြီး အဆိုပါ ကွန်ရက်က ဒေသတွင်း ထောက်ပံ့မှု၊ စက်မှုလုပ်ငန်းများနှင့် ငွေကြေးကဏ္ဍများတွင် တည်ငြိမ်မှုရှိစေမည် ဖြစ်ကြောင်းသိရသည်။“အာဆီယံနှင့် တရုတ်တို့က COVID-19 စတင်ဖြစ်ပွားကတည်းက ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ နမူနာကောင်းတစ်ခုကို ချမှတ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

“ဒါဟာ တရုတ်-အာဆီယံ အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေး ကြိုးစားမှုတွေအတွက် အားကောင်းတဲ့ တွန်းအားသစ်တစ်ရပ်ဖြစ်စေပါတယ်” ဟု Deng က ပြောခဲ့သည်။အာဆီယံအသင်းကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်နိုင်ငံများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွက် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။  (Xinhua)