Connect with us

Asia

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒဲ ဆူဂါ က ရှင်ဇိုအာဘေး၏နေရာကို ဆက်ခံ

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သတင်းစာရှင်းလင်းပွဲမပြုလုပ်မီ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌသစ် ယိုရှီဟီဒဲ ဆူဂါ ကို တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ ခေါင်းဆောင်သစ် ယိုရှီဟီဒဲ ဆူဂါ  (Yoshihide Suga) အား စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် လွှတ်တော်အထူးအစည်းအဝေး၌ ရှင်ဇိုအာဘေး၏ နေရာတွင် ဆက်ခံမည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။

လွှတ်တော်က ယင်းနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသော အထူးအစည်းအဝေး၌ ဆူဂါအား ဝန်ကြီးချုပ်သစ်အဖြစ် တရားဝင်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ဆူဂါသည် အမတ်နေရာ ၄၆၅ ရှိနေသော အောက်လွှတ်တော်၌ ထောက်ခံမဲ ၃၁၄ မဲဖြင့်လည်းကောင်း၊ အမတ်နေရာ ၂၄၅ ရှိနေသော အထက်လွှတ်တော်တွင် ထောက်ခံမဲ ၁၄၂ မဲဖြင့်လည်းကောင်း ရွေးချယ်ခြင်းခံခဲ့ရသည်။

ဝန်ကြီးချုပ်အသစ်သည် အာဘေးလက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးများဖြင့် အစိုးရအဖွဲ့ ဖွဲ့ရန် မျှော်မှန်းထားကြောင်း၊ ၎င်း၏ အနီးစပ်ဆုံး အာရုံစိုက်မှုအနေဖြင့် COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ပြီး စီးပွားရေးကို ပြန်လည်ကောင်းမွန်လာစေရန် မျှော်မှန်းထားကြောင်း သိရသည်။

ဆူဂါသည် “အာဘေး၏ စီးပွားရေးမူဝါဒများ” ကဲ့သို့သော မူဝါဒများကို ရှေ့ဆက်တွန်းအားပေးဆောင်ရွက်ရန် ကတိပြုခဲ့သည်။ဆူဂါသည် ဂျပန်နိုင်ငံတွင် COVID-19 ကူးစက်ရောဂါကြောင့် လူအများ နေအိမ်၌ပင်နေထိုင်ရခြင်းနှင့် ပြည်ပမှ ခရီးသွားလုပ်ငန်း သိသိသာသာလျော့ကျခြင်းများကြောင့် ကာလတို စီးပွားရေးယိုယွင်းမှုဖြစ်ပေါ်နေခြင်းကို ကိုင်တွယ်ဖြေရှင်းသွားခြင်းနှင့်အတူ ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်း လျော့ကျလာသည်ကို မြှင့်တင်ခြင်းနှင့် စိတ်ပျက်စရာ ဘဏ္ဍာရေးအခြေအနေ တိုးတက်ခြင်းများအတွက် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)