Connect with us

Asia

RCEP သည် ဒေသတွင်း ကုန်သွယ်စီးပွားရင်းနှီးမြှုပ်နှံမှုများအတွက် တွန်းအားဖြစ်ကြောင်း ဖိလစ်ပိုင် ကုန်သွယ်စက်မှုဝန်ကြီး ပြောကြား

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ငါးဖမ်းသင်္ဘောများနှင့် ကွန်တိန်နာကရိန်းများအား ဩဂုတ် ၇ ရက်က တွေ့ရစဉ်(Xinhua/Rouelle Umali)

မနီလာ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဒေသဆိုင်ရာ ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်(RCEP) လက်မှတ်ရေးထိုးခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်စီးပွားရင်းနှီးမြှုပ်နှံမှုများကို ပို၍ အားကောင်းစေမည်ဖြစ်ပြီး ဒေသတစ်ခုလုံး၏ စီးပွားရေး ပြန်လည်နိုးထရန် တွန်းအားဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင်စက်မှုလုပ်ငန်းဝန်ကြီး ပြီးခဲ့သည့်ရက်များတွင် ပြောကြားခဲ့သည်။

RCEP ပါဝင်မှုသည် ကျယ်ပြန့်၍ လွှမ်းခြုံနိုင်သည့် လူဦးရေသည် များပြားကြောင်း၊ RCEPသဘောတူညီချက်သည် ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဒေသတွင်း နိုင်ငံအသီးသီးအတွက် ပိုမိုတည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေးပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၆ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

“လက်ရှိ ကိုဗစ်ကပ်ရောဂါရဲ့ ဂယက်ကို နိုင်ငံအသီးသီး ဆိုးဝါးစွာ ခံနေရချိန်မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုက စီးပွားရေးပြန်လည်နိုးထစေမယ့် အဓိက နည်းလမ်းဖြစ်တယ်။ ဒါကြောင့် ဒေသတွင်းမှာ ပိုပြီးကျယ်ပြန့်မှုရှိတဲ့ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကြီးတည်ဆောက်ခြင်းဖြစ်ပြီး ရင်းနှီမြှုပ်နှံသူတွေအတွက် ပိုမို တည်ငြိမ်မှုရှိတဲ့ ပတ်ဝန်းကျင်၊ ပိုပြီး မှန်းဆနိုင်မှုနဲ့ ခိုင်မာတဲ့ယုံကြည်ချက် ပေးနိုင်ခြင်းက အထူးပဲ အရေးကြီးတယ် ”ဟု Ramon Lopezက ဆိုသည်။
ဖိလစ်ပိုင်သည် RCEPမှ အကျိုးအမြတ်များစွာ ရနိုင်ကြောင်း ၊ လက်ရှိ ဖိလစ်ပိုင်က RCEPအဖွဲ့ဝင်နိုင်ငံများသို့ ကုန်ပစ္စည်းတင်ပို့မှုသည် စုစုပေါင်း ပို့ကုန်ပမာဏ၏ ထက်ဝက်ကျော်ရှိကြောင်း၊ အနာဂတ် ဈေးကွက်ဖွင့်လှစ်၍ အခွန်လျှော့ချမှုများရှိလာသည်နှင့်အမျှ ဖိလစ်ပိုင်နိုင်ငံ အထူးထုတ်ကုန်များသည် RCEP ဒေသ စီးပွားရေးတွင် အဆင်ပြေချောမွေ့စွာ ရောင်းချနိုင်ဖြစ်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် နိုင်ငံအသီးသီးက RCEP သဘောတူညီချက်တွင် အခြေပြု၍ ရင်းနှီးမြှုပ်နှံမှုအဆင်ပြေလွယ်ကူရေး ကတိကဝတ်များအရ အနာဂတ် ဖိလစ်ပိုင်တွင် ပိုမိုများပြားသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။စတုတ္ထအကြိမ်မြောက် RCEP ခေါင်းဆောင်များအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်က ဗွီဒီယို ကွန့်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ အဖွဲ့ဝင် နိုင်ငံ၁၅ နိုင်ငံက RCEPသဘောတူညီချက်လက်မှတ် အသီးသီးရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)