Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူ ၅၃ ဦးရှိလာပြီး ၂၂ ဦးပျောက်ဆုံးနေ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်များ ရေဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Phillippine Presidential Palace/Handout via Xinhua)

မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း တိုက်ခတ်ခဲ့သော Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ ၅၃ ဦးအထိမြင့်တက်လာခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ရဲတပ်ဖွဲ့ (PNP) က နိုဝင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

လူဇုံကျွန်းတစ်ခွင် နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများအတွင်း လူ ၂၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း PNP က ပြောခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး ရွှံ့ထူနေသောလမ်းမပေါ်တွင် ဖြတ်သန်းသွားလာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Rizal ပြည်နယ်တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးနေသည့်နေအိမ်မှ ပစ္စည်းများကို သယ်ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သောကြောင့် သေဆုံးသူအရေအတွက်မှာ မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ Cagayan နှင့် Isabela ပြည်နယ်များရှိ မုန်တိုင်းဒဏ်ခံစားခဲ့ရသူများအား ကယ်ဆယ်ရေးအတွက် အလေးထားလုပ်ဆောင်လျက်ရှိသည်။ ကယ်ဆယ်ရေးသမားများသည် Cagayan နှင့် Isabela ပြည်နယ်များရှိ ရေနစ်မြုပ်သွားသော နေအိမ်များ၏ ခေါင်မိုးပေါ်တွင် သောင်တင်နေသော ဒေသခံများကို ရာဘာလှေများ အသုံးပြုကာ ကယ်ဆယ်လျက်ရှိသည်။
လူဇုံကျွန်းရှိ Magat မြစ်ပေါ်ရှိ Magat ဆည်မှ ရေများလျှံကျမှုကြောင့် အညိုရောင်ရေများ ဖုံးလွှမ်းပြီး ပြည်နယ်များတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့သည်ကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့၏ ရိုက်ကူးထားမှုအရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် Vamco တိုင်ဖွန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး ပျက်စီးနေသည့်နေအိမ်မှ ပစ္စည်းများကို ရှာဖွေနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Rizal ပြည်နယ်တွင် ပျက်စီးနေသည့်နေအိမ်များမှ ပိုင်ဆိုင်မှုပစ္စည်းများကို သယ်ဆောင်လျက် အပျက်အစီးများကြား သွားလာနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Rizal ပြည်နယ်တွင် ပျက်စီးနေသည့်နေအိမ်များမှ ပိုင်ဆိုင်မှုပစ္စည်းများကို သယ်ဆောင်လျက် ဒူးခေါင်းအထိနစ်မြုပ်နေသော ရွှံ့များကြား သွားလာနေသူများကို တွေ့ရစဉ် (ဆင်ဟွာ)
နိုဝင်ဘာ ၁၃ ရက်ညပိုင်းက ကယ်ဆယ်ရေးသမားတစ်ဦးလည်း ဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း Cagayan ပြည်နယ် အုပ်ချုပ်ရေးမှူး Manuel Mamba က DZBB ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

အဆိုပါ ရေလွှမ်းမိုးမှုသည် မှတ်မိသရွေ့ အဆိုးဝါးဆုံးဖြစ်ကြောင်း Mamba က ပြောကြားခဲ့ပြီး ရဟတ်ယာဉ်များ တောင်းခံထားကြောင်းနှင့် ရေလွှမ်းမိုးသည့်အချို့နေရာများသို့ မြေပြင်မှဝင်ရောက်၍ မရနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးစင်တာများတွင်လည်း ပြည့်နေပြီးဖြစ်ကြောင်းနှင့် အချို့ဒုက္ခသည်များမှာ COVID-19 စိုးရိမ်မှုများကြားမှ အိမ်နီးချင်းများနှင့် သွားရောက်နေထိုင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

Vamco တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေ သန်း ၁၁၀ ၏ ထက်ဝက်နီးပါးနေထိုင်ပြီး နိုင်ငံစီးပွားရေး၏ ၇၀ ရာခိုင်နှုန်းရှိသော လူဇုံကျွန်း၏ နေရာအတော်များများသို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.