Connect with us

Asia

အာရှ-ပစိဖိတ်တွင် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် ၂၀၂၀ ပြည့်နှစ်အလွန် မျှော်မှန်းချက် APEC ထုတ်ပြန်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက "APEC Putrajaya Vision 2040" ကို ဗီဒီယိုလင့်မှတစ်ဆင့် ထုတ်ပြန်ကြေညာစဉ် မှတ်တမ်းဓာတ်ပုံရိုက်ကူးထားသည်ကို နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) သည် မလေးရှားနိုင်ငံက ဦးစီးကျင်းပသော APEC ခေါင်းဆောင်များ အွန်လိုင်းအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ အတွက် ကာလရှည် အသေးစိတ် အစီအစဉ်သစ်ဖြစ်သော ၂၀၂၀ ပြည့်နှစ်အလွန် မျှော်မှန်းချက် (Post-2020 Vision) တစ်ရပ်ကို နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ အုပ်ချုပ်ရေးစင်တာဖြစ်သော Putrajaya ကိုအစွဲပြု၍ အမည်ပေးထားသည့် “APEC Putrajaya Vision 2040” သည် “ပြည်သူများနှင့် အနာဂတ် မျိုးဆက်သစ်များအားလုံး၏ သုခချမ်းသာအတွက် ၂၀၄၀ ပြည့်နှစ် ပွင့်လင်းသော၊ တက်ကြွမှုရှိသော၊ ကြံ့ကြံ့ခံနိုင်ပြီး ငြိမ်းချမ်းသော အာရှ-ပစိဖိတ် အသိုက်အဝန်း” ကို မျှော်မှန်းထားခြင်း ဖြစ်သည်။

အဆိုပါ မျှော်မှန်းချက်အသစ်သည် ၁၉၉၄ ခုနှစ် Bogor Goals ကို အစားထိုးသွားမည်ဖြစ်ပြီး APEC အဖွဲ့ဝင်နိုင်ငံများသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ တီထွင်ဆန်းသစ်မှုနှင့် ဒီဂျစ်တယ်လိုက်ဇေးရှင်း နှင့် ကြံ့ခိုင်သော၊ ညီမျှသော၊ စိတ်ချရသော၊ ရေရှည်တည်တံ့၍ အားလုံးပါဝင်သော တိုးတက်မှု ဟူသည့် စီးပွားရေးမောင်းနှင်အားသုံးရပ်ဖြင့် မျှော်မှန်းချက်ကို ရရှိရန် ကတိပြုထားကြောင်း သိရသည်။

မျှော်မှန်းချက်အသစ်၌ ကတိပြုထားချက်များတွင် APEC အဖွဲ့ဝင်နိုင်ငံများသည် လွတ်လပ် ပွင့်လင်း မျှတသော၊ ခွဲခြားဆက်ဆံမှုမရှိသော၊ ပွင့်လင်းမြင်သာမှုရှိ၍ ခိုင်မာသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တစ်ရပ် ပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်ရန် လည်းပါဝင်သည်။ ထို့ပြင် ၎င်းတို့သည် စီးပွားရေးမူဝါဒများ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုများကို မြှင့်တင်ကာ ရာသီဥတုပြောင်းလဲခြင်း၊ အစွန်းရောက် မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအားလုံးကို ဘက်စုံကိုင်တွယ်ဖြေရှင်းရေး ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးရန်လည်း ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)