Connect with us

Australia / Oceania

တရုတ်နိုင်ငံက ဖီဂျီနိုင်ငံ COVID-19 တိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာအသုံးအဆောင်များ ပေးအပ်လှူဒါန်း

တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီသော ကျန်းမာရေးအသုံးအဆောင်များ ဖီဂျီနိုင်ငံသို့ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဆူဗာ၊မေ ၅ ရက်(ဆင်ဟွာ)

တောင်ပစိဖိတ်ကျွန်းနိုင်ငံတစ်ခုဖြစ်သော ဖီဂျီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့များကို တရုတ်နိုင်ငံက မေ ၄ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းသည့် အခမ်းအနား၌ ဖီဂျီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Qian Bo က အမှာစကားပြောကြားရာတွင် တရုတ်အစိုးရအနေဖြင့် ဖီဂျီနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးအတွက် ငွေသား အလှူငွေ အမေရိကန်ဒေါ်လာ သုံးသိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် ဖီဂျီနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဖူဂျီဒေါ်လာငွေ ၂၇၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၁၉,၈၀၀) တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ ထည့်ထားသည့် သေတ္တာ ၅၂ လုံးကို တရုတ်သံအမတ်ကြီးက ဖီဂျီတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

သံအမတ်ကြီးက ယင်းဆေးဘက်ဆိုင်ရာ အသုံးအဆောင်များသည် ရောဂါတိုက်ဖျက်ရေးရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သော အကာအကွယ်ပစ္စည်းများပါဝင်ကြောင်း နှင့် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာစွမ်းဆောင်ရည်တိုးတက်အောင် ပူးပေါင်းဆောင်ရွက်မှု အတွက်လည်းဖြစ်ကြောင်း ဆိုသည်။

ဗိုင်းရပ်စ်သည် လူသားအားလုံးအတွက် ဘုံရန်သူဖြစ်ပြီး တရုတ် နှင့် ဖီဂျီ နိုင်ငံတို့သည် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖေးမကာ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဖီဂျီနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Waqainabete က ဖီဂျီနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ ထောက်ပံ့ကူညီမှုများသည် ခွန်အားဖြစ်စေကြောင်း နှင့် တရုတ်နိုင်ငံနှင့်အတူ ခိုင်မာသော မိတ်ဖက်ဆက်ဆံရေးကို တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ရှေ့ဆက်ပြီးတော့ ကပ်ရောဂါဟာ ကျွန်တော်တို့ကို ပိုပြီးကြံ့ခိုင်သန်မာစေရုံမျှမက ဖီဂျီနဲ့တရုတ်နိုင်ငံအကြား ကျွမ်းကျင်မှုတွေကို အပြန်အလှန် မျှဝေဖို့အတွက်လည်း အထောက်အပံ့တစ်ခုဖြစ်စေမှာပါ ” ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ၏ COVID-19 ထိန်းချုပ်ရေး ကောင်းမွန်သော လုပ်ဆောင်ချက်အပေါ် ချီးကျူးဂုဏ်ပြုကြောင်း နှင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံကောင်းများကို ဖီဂျီကဲ့သို့သော ကမ္ဘာ့နိုင်ငံများစွာသို့ မျှဝေပေးအပ်နေကြောင်း ဖီဂျီကျန်းမာရေးဝန်ကြီးက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

“ ဒါဟာ တရုတ်နိုင်ငံဆီကနေ ကျန်းမာရေးဆိုင်ရာထောက်ပံ့မှုတွေ ပထမဆုံးအကြိမ် ရရှိခဲ့တာမဟုတ်ပါဘူး။ အရင်တုန်းကလည်း ကျွန်တော်တို့ဆီက ကျန်းမာရေးဝန်ထမ်းတွေကို တရုတ်နိုင်ငံက ခေါ်ယူ လေ့ကျင့်သင်ကြားပေးခဲ့တာတွေရှိပါတယ်။ပြီးတော့ ကျွန်တော်တို့ရဲ့ဆေးရုံတွေနဲ့ ကျန်းမာရေးစင်တာတွေဆီ တရုတ်နိုင်ငံက လာရောက်လေ့လာခဲ့တာတွေလည်းရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ဖီဂျီနိုင်ငံသို့ မေ ၄ ရက်တွင် ပေးပို့သော ဆေးဘက်ဆိုင်ရာအသုံးအဆောင်များတွင် တစ်ခါသုံးအကာအကွယ်ဝတ်စုံ အစုံ ၁,၀၀၀ ၊ အကာအကွယ်မျက်မှန် အစုံ ၁,၀၀၀ နှင့် N95 နှာခေါင်းစည်း အခုရေ ၁,၀၀၀ တို့ပါဝင်ကြောင်း သိရသည်။လာမည့်ရက်သတ္တပတ် အစောပိုင်းတွင် တရုတ်နိုင်ငံအစိုးရမှ ဖီဂျီနိုင်ငံသို့ နောက်ထပ် PCR ဓာတ်ခွဲစမ်းသပ်ကိရိယာ အခု ၁,၀၀၀ ကို ထပ်မံလှူဒါန်း ပေးအပ်သွားရန်ရှိကြောင်းလည်းသိရသည်။(Xinhua)