Connect with us

Eastern Europe

ကော်လိုရာဒိုပြည်နယ်၌ မြေဟက်တာ ၂၀,၀၀၀ ကျော် တောမီးလောင်ကျွမ်းခဲ့

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်တွင် တောမီးများအကြီးအကျယ်လောင်ကျွမ်းနေသည်ကို ဩဂုတ် ၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

 လော့အိန်းဂျလိစ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) 

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၌ လွန်ခဲ့သောတစ်ပတ်ကျော်ခန့်က မိုးကြိုးပစ်ခံရာမှတစ်ဆင့် တောမီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ရာ ဩဂုတ် ၈ ရက် နံနက်ပိုင်းထိ မြေဟက်တာ ၂၀,၀၉၈ (၈၁.၃ စတုရန်း ကီလိုမီတာ) ထိ မီးလောင်ကျွမ်းသွားခဲ့ပြီး လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

ခြောက်သွေ့ပြီး လေတိုက်နေသော ရာသီဥတုအခြေအနေများက တောမီးလောင်ကျွမ်းမှုအတွက် လောင်စာဖြည့်ပေးသလိုဖြစ်နေကြောင်းနှင့် ယခုရက်သတ္တပတ်ကုန်ထိ ဆက်လက်လောင်ကျွမ်းမည်ဟု ခန့်မှန်းရကြောင်း အာဏာပိုင်များ ကဆိုသည်။ 

အဆိုပါတောမီးသည် ဇူလိုင် ၃၁ ရက်က ကော်လိုရာဒိုပြည်နယ် အနောက်ပိုင်း Grand Junction မြို့မှ မြောက်ဘက် ၃၀ ကီလိုမီတာအကွာရှိ ထင်းရှူးတောမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးဆက်လက် လောင်ကျွမ်းနေခြင်း နှင့် ဒဏ်ရာရသူ မရှိခြင်း တို့ကြောင့် ကယ်ဆယ်ရေးအစီအစဉ်များ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ၊ အဆိုပါတောမီးမှာ ဆက်လက်လောင်ကျွမ်းနေသဖြင့် မီးခိုးလုံးများသည်လည်း ထွက်ပေါ်နေကြောင်း အစိုးရဝက်ဆိုက်တစ်ခုဖြစ်သည့် AirNow တွင်ဖော်ပြထားပြီး ကြီးမားသော မီးခိုးလုံးကြီးများသည် Grand Junction မှ အရှေ့ဘက်လမ်းကြောင်းအတိုင်း ၃၉၀ ကီလိုမီတာ Denver ဒေသသို့ ဦးတည်လွင့်မျောခဲ့ကြောင်း သိရသည်။ 

အဆိုပါ တောမီးကို ဩဂုတ် ၈ ရက်အထိ မီးသတ်သမားပေါင်း ၄၄၆ ဦးဖြင့် ကြိုးပမ်းငြိှမ်းသတ်နေခဲ့ကြောင်း ပြည်နယ်တွင်း သတင်းထုတ်ပြန်ချက်ရေးစနစ်တစ်ခုဖြစ်သည့် InciWeb တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။ မီးသတ်သမားများအနေဖြင့် မီးတားလမ်းများ ဖောက်လုပ်ရန် ဆက်လက်ပြင်ဆင်ဆောင်ရွက်နေပြီး ဝေဟင်အရင်းအမြစ်များကိုလည်း အသုံးပြုသွားဖွယ်ရှိကြောင်း သိရသည်။ 

InciWeb ဝက်ဆိုက်တွင် နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ တောမီးလောင် ကျွမ်းနေခြင်းကြောင့် တစ်ညလုံး မြင်နိုင်စွမ်း ကျဆင်းခဲ့ပြီး ခန့်မှန်းခြေ မြင်နိုင်စွမ်းပမာဏ ၁၇ ရာခိုင်နှုန်းသာ ရှိကြောင်း နှင့် ဩဂုတ် ၈ ရက်တွင် ဆက်လက်ကျဆင်းဖွယ်ရှိနေပြီး အများဆုံးမြင်နိုင်စွမ်းမှာ ခန့်မှန်းခြေ ၉ ရာခိုင်နှုန်းထိ ကျဆင်းသွားမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ သို့သော် အနောက်တောင်ပိုင်းတွင် ဩဂုတ် ညနေပိုင်း၌ လေတိုက်နှုန်းမှာ ဆက်လက်မြင့်တက်ဖွယ်ရှိနေပြီး တစ်နာရီလျှင် ၂၀ မိုင်အထိ ရှိနိုင်ကြောင်း ၊ ယင်းလေတိုက်မှုကြောင့် တောမီးမှာ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း InciWeb က ဆိုသည်။(Xinhua)