Connect with us

Latin America

ကိုလံဘီယာနိုင်ငံမြေပြိုမှုတွင် သေဆုံးသူ ၂ဝ၇ ဦးထိ ရှိလာ

ကိုလံဘီယာနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားနေသော မြင်ကွင်းအားတွေ့ ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း Mocoa မြို့တွင် ဧပြီလ ၂ ရက် က ဖြစ်ပွားခဲ့သော မြေပြိုမှုအတွင်း သေဆုံးသူဦးရေမှာ ၂ဝ၇ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူဆန်းတိုစ့် (Juan Manuel Santos) က ပြောကြားသည်။

သေဆုံးသူများထဲတွင် ကလေးငယ် ၄၃ ဦးပါဝင်ကြောင်း ၊ ဧပြီလ ၁ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နိုင်ငံအတွင်းရှိ မြစ်ကြောင်း သုံးခု၏ မြစ်ရေများမြင့်တက်လာပြီး ရွံ့ညွန်များနှင့်အတူ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မြေပြိုမှုဒဏ်ခံစားရတဲ့နေရာတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါပြီ၊ ပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ဒီနေရာကို ကျနော်ရောက်ရှိလာတာပါ” ဟု သမ္မတ ဆန်းတိုစ့် က ပြောကြားခဲ့သည်။

လူဦးရေ ၄၃,၇ဝဝ နေထိုင်လျက်ရှိသော အခင်းဖြစ်မြို့မှ အနည်းဆုံး မိသားစုဝင် ၃ဝဝ ခန့်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း သိရသည်။ မြေပြိုမှုဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူအများအပြားရှိနေပြီး သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်ဖွယ်ရှိနေကြောင်းသိရသည်။(Xinhua)