Connect with us

Latin America

ဓါတုလက်နက် အသုံးပြုမှုှနှင့် ပတ်သက်၍ အမေရိကန်က ဆီးရီးယားအပေါ် ပိတ်ဆို့မှုအသစ်များချမှတ်မည်

မြေထဲပင်လယ်ရှိ အမေရိကန်ဖျက်သင်္ဘောတစ်စီးမှ တာဝေးပစ်ဒုံးကျည်များဖြင့် ဆီးရီးယားလေတပ်စခန်းအား ပစ်ခတ်နေစဉ် (ဆင်ဟွာ)

အမေရိကန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ယခုအပတ်အစောပိုင်း၌ ဆီးရီးယားအစိုးရ က ဓာတုလက်နက်များဖြင့် တရားမဝင်တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ ဆီးရီးယားနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ချမှတ်သွားမည့် တားမြစ်ပိတ်ဆို့မှုအသစ်များကို မကြာမီ ကြေညာပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၇ ရက်က ပြောကြားခဲ့သည်။

Mnuchin က “ဓာတုလက်နက်နဲ့တိုက်ခိုက်သလိုမျိုး လုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆီးရီးယားအပေါ် တားမြစ်ပိတ်ဆို့မှု အသစ်တွေကို ကြေညာသွားမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့ပြီး ပိတ်ဆို့မှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ကိုမူ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

၎င်းက “တားမြစ်ပိတ်ဆို့မှုတွေဟာ ဆီးရီးယားအရေးကို ကိုင်တွယ်တဲ့နေရာမှာ အရမ်းအရေးကြီးတဲ့ ကိရိယာပစ္စည်းတွေဖြစ်ပြီး အလွန်အရေးကြီးတဲ့ ဒီပိတ်ဆို့မှုတွေကို အသုံးပြု၍ အမြင့်ဆုံးအကျိုးသက်ရောက်မှုတွေရရှိအောင် ဆောင်ရွက်သွားမှာပါ” ဟုပြောကြားခဲ့သည်။

မြေထဲပင်လယ်အရှေ့ပိုင်း ရှိ အမေရိကန်ဖျက်သင်္ဘောများဖြစ်သော USS Porter နှင့် USS Ross တို့က ဧပြီ ၆ ရက် ညပိုင်းတွင် ဆီးရီးယား လေယာဉ်များ၊ လေယာဉ်ဂိုဒေါင်များ၊ လောင်စာဆီသိုလှောင်ရုံများ၊ လေကြောင်း ကာကွယ်ရေးစနစ်များ၊ ရေဒါများကို အဓိက ပစ်မှတ်ထား၍ စုစုပေါင်း တာဝေးပစ် ဒုံးကျည် ၅၉လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်ကပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအား အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားပဋိပက္ခများ စတင်ခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ဆီးရီးယားနိုင်ငံ သမ္မတ ဘာရှာ အယ် အာဆတ်၏ စစ်တပ်အား တိုက်ခိုက်ရန် အမေရိကန်သမ္မတ ၏ ပထမဆုံးတိုက်ရိုက်ညွှန်ကြားမှုပင်ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် က အနာဂါတ်တွင် ပြုလုပ်မည့် အရေးယူဆောင်ရွက်မှုများသည့် ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ဆီးရီးယား၏ တုံ့ပြန်မှုအပေါ် မူတည်နေကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်က ဆီးရီးယားလေတပ်စခန်းအား တိုက်ခိုက်မှုအပေါ် ရုရှားအစိုးရက ပြစ်တင်ရှုံ့ချခဲ့ပြီး အမေရိကန်၏အပြုအမူသည် နိုင်ငံတကာဥပဒေများကို ဖောက်ဖျက်၍ အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံအပေါ် ကျူးကျော်ရန်စခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)