Connect with us

Latin America

ဘရာဇီးထောင်တွင်းဆူပူအုံကြွမှု ခေါင်းဆောင်များအား အခြားထောင်များထံ ပြောင်းရွှေ့

ထောင်တွင်းဆူပူအုံကြွမှုဖြစ်ပွားခဲ့သည့် Anisio Jobim အကျဉ်းထောင် အပြင်ဘက်၌ စောင့်ဆိုင်းနေသည့် အကျဉ်းသားများ၏ မိသားစုဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလား၊ ဇန်နဝါရီ ၄ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ Manaus မြို့ ရှိ အကျဉ်းထောင်တစ်ခုတွင် ဇန်နဝါရီ ၁ရက် ကဖြစ်ပွားခဲ့သည့် အကျဉ်းသား ၅၆ဦးသေဆုံးခဲ့ပြီး ၁၈၄ဦးအဖမ်းခံရသော ထောင်တွင်းဆူပူမှုအုံကြွအား ဦးဆောင်သူများကို လာမည့် ရက်သတ္တပတ်အတွင်း အခြားအကျဉ်းထောင်များသို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း တရားရေးရာဝန်ကြီး Alexandre de Moraes နှင့် Amazonas ပြည်နယ်အုပ်ချုပ်ရေးမှူး Jose Melo က ကြေညာခဲ့သည်။

de Moraes က Amazonas ပြည်နယ်အုပ်ချုပ်ရေးမှူး၏ တောင်းဆိုချက်အရ ထောင်တွင်းဆူပူမှု ဦးဆောင်သူများအား အမြန်ဆုံးပြောင်းရွှေ့သွားမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် လုံခြုံရေးအင်အား ထပ်မံတိုးမြှင့်ရန် မလိုတော့ကြောင်း ဇန်နဝါရီ ၂ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

Anisio Jobim အကျဉ်းထောင် ဆူပူအုံကြွမှုသည် ဇန်နဝါရီ ၁ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး ၁၇နာရီကြာမြင့်ခဲ့ကြောင်း နှင့် ဒေသတွင်း ရာဇဝတ်ဂိုဏ်း Familia del Norte အဖွဲ့ဝင်များက Sao Paulo မြို့ ရာဇဝတ်ဂိုဏ်း Primer Comando de la Capital (PCC) အဖွဲ့ဝင်များ ဒေသတွင်း၌ ကြီးစိုးလာမှုကို ဟန့်တားရန် ယင်းအဖွဲ့ဝင်များစွာကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ခုနှစ်နှောင်းပိုင်းတွင် အစိုးရက ထောင်တွင်းလူဦးရေသိပ်သည်းလာမှုကို ဖြေရှင်းရန် ဘရာဇီးနိုင်ငံ၏ အကျဉ်းထောင်စနစ်အား အဆင့်မြှင့်တင်ခြင်း နှင့် တိုးချဲ့တည်ဆောက်ခြင်းတို့အတွက် ဘဏ္ဍာငွေ တိုးမြှင့်ချထားပေးခဲ့ကြောင်း သိရသည်။

Amazonasပြည်နယ် ပြည်သူ့လုံခြုံရေးအတွင်းရေးမှူး Carlos Fontes က အကျဉ်းထောင်အတွင်း လက်ခံနိုင်သော အကျဉ်းသားဦးရေသည် ၅၉၂ဦးသာဖြစ်သော်လည်း အကျဉ်းသား ၁,၂၂၄ဦးအထိ ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးမီဒီယာက ရာဇဝတ်ဂိုဏ်းများအကြား တိုက်ပွဲများသည် ဘိုလီဗီးယားနိုင်ငံ၊ ပီရူးနိုင်ငံ နှင့် ကိုလံဘီယာနိုင်ငံများသို့ မူးယစ်ဆေးဝါးပို့ဆောင်ရေးလမ်းကြောင်းများကို ထိန်းချုပ်ရန်ကြိုးပမ်းမှုတို့နှင့် ဆက်စပ်နေကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.