Connect with us

Latin America

ဟောင်ကောင်တွင် အကြမ်းဖက်မှုနှင့် ပဋိပက္ခများအဆုံးသတ်ရန်နှင့် ဥပဒေပြန်လည်စိုးမိုးရန် အဓိကအလုပ်တာဝန်ဖြစ်သည်ဟု သမ္မတ ရှီကျင့်ဖိန် ပြော

၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီယာ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဟောင်ကောင်တွင် လက်ရှိလုပ်ဆောင်ရမည့်တာဝန်မှာ အကြမ်းဖက်မှုနှင့် ပဋိပက္ခများ အဆုံးသတ်ရန်နှင့် ဉပဒေပြန်လည်စိုးမိုးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက ဘရာဇီးနိုင်ငံ ဘရာဇီးလီယာမြို့တွင် နိုဝင်ဘာ ၁၄ ရက်၌ ပြုလုပ်သော ၁၁ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေစဉ် ဟောင်ကောင် အခြေအနေနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ ရှင်းလင်းသော ရပ်တည်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်တွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် အစွန်းရောက် အကြမ်းဖက်အပြုအမူများက တရားဥပဒေစိုးမိုးရေးနှင့် လူမှုရေးဆိုင်ရာ ဥပဒေများကို စိုးရိမ်ဖွယ် စော်ကားလျက်ရှိကြောင်း၊ ဟောင်ကောင်၏ ကြွယ်ဝချမ်းသာမှုနှင့် တည်ငြိမ်မှုကို အခိုင်အမာ နှောင့်ယှက်လျက်ရှိကြောင်းနှင့် “တစ်နိုင်ငံ၊ စနစ်နှစ်ခု” အဓိကအချက်အပေါ် အလေးအနက် စိန်ခေါ်လျက်ရှိကြောင်း  သမ္မတ ရှီက ပြောခဲ့သည်။ 

ဟောင်ကောင်အနေဖြင့် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ အဆုံးသတ်ရန်နှင့် ဥပဒေပြန်လည်စိုးမိုးရန်အတွက် အဓိကအလုပ်တာဝန်အဖြစ် ကျန်ရှိနေသေးကြောင်း ရှီက ထပ်လောင်းပြောကြားခဲ့သည်။

“ကျွန်ုပ်တို့အနေနဲ့ ဆက်လက်ပြီး ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရကို ဦးဆောင်နေတဲ့ အမှုဆောင်အရာရှိချုပ်ကို ဥပဒေနဲ့အညီ အုပ်ချုပ်ဖို့ အခိုင်အမာ ဆက်လက်ထောက်ပံ့ပေးရေး၊ ဟောင်ကောင် ရဲတပ်ဖွဲ့ကိုလည်း တရားဥပဒေစိုးမိုးရေး တင်းကြပ်စွာ ဆောင်ရွက်ဖို့ အခိုင်အမာ ထောက်ပံ့ပေးရေးနဲ့ ဟောင်ကောင် တရားစီရင်ရေးအဖွဲ့အနေနဲ့လည်း အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အမျိုးမျိုးသော ပြစ်ဒဏ်တွေပေးဖို့ အခိုင်အမာ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရှီက ပြောခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ အစိုးရအနေဖြင့် နိုင်ငံ အချုပ်အခြာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများ ကာကွယ်ရန်၊ “တစ်နိုင်ငံ၊ စနစ်နှစ်ခု” မူဝါဒကို အကောင်အထည်ဖော်ရန်နှင့် ဟောင်ကောင်အရေး၌ ဝင်ရောက်စွက်ဖက်သည့် ပြင်ပမှ မည်သည့်ဖိအားမျိုးကိုမဆို ဆန့်ကျင်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)