Connect with us

Latin America

အသက် ၁ဝ၆ နှစ်အရွယ်ရှိ အဖွားအို အသက်အကြီးဆုံး အိုလံပစ် မီးရှူးတိုင် သယ်ဆောင်သူဖြစ်လာ

အသက်အကြီးဆုံးအိုလံပစ်မီးရှူးတိုင် သယ်ဆောင်သူ အဖွားအို Aida Gemanque အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၃ နှစ်က ကမ္ဘာ့အသက်အကြီးဆုံး လေထီးခုံ စံချိန်တင်ခဲ့သူ အဖွားအို Aida Gemanque သည် ဇွန်လ ၁၈ ရက်က ဘရာဇီးအိုလံပစ်မီးရှူးတိုင် သယ်ဆောင်ခွင့် ရရှိခဲ့ရာ ၎င်းသည် ကမ္ဘာ့အသက်အကြီးဆုံး အိုလံပစ်မီးရှူးတိုင် သယ်ဆောင်သူအဖြစ်ပါ မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။

အဆိုပါ အိုလံပစ်မီးရှူးတိုင်ကို ဘရာဇီးနိုင်ငံ Macapa မြို ့ရှိ အိုလံပစ်အားကစားပြိုင်ကွင်း အတွင်း သယ်ဆောင်ပေးချိန်တွင် အဖွားအို၏ အသက်မှာ ၁ဝ၆ နှစ် ရှိနေပြီဖြစ်သည်။

ယခင်က အသက်အကြီးဆုံး အိုလံပစ်မီးရှူးတိုင် သယ်ဆောင်သူအဖြစ် စံချိန်တင်ထားသူမှာ ၂ဝ၁၄ ခုနှစ် ဆိုချီ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် မီးရှူးတိုင်သယ်ဆောင်ပေးခဲ့သည့် အသက် ၁ဝ၁ နှစ်အရွယ်ရှိ Alexander Kaptarenko ဖြစ်သည်။ ယင်းစံချိန်ကို Gemanque က ကျော်ဖြတ်လိုက်ခြင်းဖြစ်သည်။

“ ကျမ အတိုင်းမသိ ဝမ်းသာပါတယ်။ မီးရှူးတိုင် သယ်ဆောင်ခွင့်ရတာဟာ တကယ့် အခွင့်အရေးတစ်ရပ်ပါပဲ။ ကျမဘဝမှာ ဒီလို အခွင့်အရေးရလိမ့်မယ်လို့ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ သိပ်ကိုဂုဏ်ယူပါတယ်” ဟု Gemanque ၏ ပြောဆိုချက်ကိုကိုးကားပြီး Rio2016.com အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

Rio2016 တွင် နောက်ထပ် မီးရှူးတိုင်သယ်ဆောင်ခွင့်ရသူတစ်ဦးမှာ ဘရာဇီးနိုင်ငံ၏ အမေဇုန်ဒေသအတွင်း လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးကို အစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့သူ Maria Das Dores Rosaio Almeida ဖြစ်သည်။

“ တန်းတူညီမျှဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းရမယ် ။ ဘိုးဘွားအစဉ်အဆက် ဆင်းသက်ခဲ့တဲ့ လူမဲအမျိုးသမီးတွေရဲ့လက်ရှိ နဲ့အနာဂတ်မှာ ဘဝတွေအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမယ်။ အဲဒီ အခွင့်အရေးတွေအတွက် အိုလံပစ်မီးရှူးတိုင်က ကျမတို့ကို ကိုယ်စားပြု ပါတယ် ” ဟု Almeida ကဆိုသည်။

Rio 2016 အိုလံပစ်မီးရှူးတိုင်ကို ရီယိုဒီဂျနေရိုမြို့ရှိ Maracana အားကစားကွင်းအတွင်း ရောက်ရှိလာအောင် ဘရာဇီးနိုင်ငံအတွင်းရှိ မြို့ပေါင်း ၃၂၅ မြို့ကို ဖြတ်ကျော်ပြီး ၉၅ ရက်ကြာသယ်ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါမီးရှူးတိုင်သယ်ဆောင်ရေးအစီအစဉ်တွင် လူပေါင်း ၁၂,ဝဝဝ ဦးပါဝင်မည်ဖြစ်ကြောင်း နှင့် မီးရှူးတိုင်ကို ဖွင့်ပွဲကျင်းပမည့်သြဂုတ်လ ၅ ရက်တွင် မာရာကာနာအားကစားကွင်း အတွင်းထွန်းညှိသွားမည် ဖြစ်ကြောင်းသိရသည်။ (Xinhua)