Connect with us

Latin America

Chapeconense အသင်းကစားသမားများ၏ ဈာပနကို လူပေါင်း တစ်သိန်းနှစ်သောင်းခန့်တက်ရောက်ရန်ရှိ

လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားကြသည့် Chapeconense အသင်းမှ ကစားသမားများ၏ ရုပ်အလောင်းများထည့်ထားသော အခေါင်းများအား တွေ့ ရစဉ် ( ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

နိုဝင်ဘာ ၂၈ ရက်က လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် အသက်သေဆုံးသွားကြသည့် Chapeconense ဘောလုံးအသင်းကစားသများ နှင့် နည်းပြများ၏ ဈာပန အခမ်းအနားကို သတင်းမီဒီယာသမားများ၊ အားကစားသမားများ၊ နိုင်ငံရေးသမားများ နှင့်ထင်ရှားကျော်ကြားသူများအပါအဝင် လူပေါင်း တစ်သိန်းနှစ်သောင်းခန့်တက်ရောက်ရန် မျှော်လင့်ထားကြောင်း သိရသည်။

အဆိုပါ ဈာပန အခမ်းအနားကို ယနေ့( ဒီဇင်ဘာ ၃ ရက်)တွင် Chapeco မြို့ရှိ Chapeconense အိမ်ကွင်း ၊ Arena Conda မြက်ခင်းပြင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းဈာပနအခမ်းအနားသည် လူပေါင်း ၂ သိန်းကျော်နေထိုင်သည့် Chapeco မြို့၏ အကြီးမားဆုံးသော အခမ်းအနားတစ်ခုဖြစ်မည်ဟု မျှော်လင့်ထားကြသည်။ပြီးခဲ့သော နိုဝင်ဘာလ ၂၈ ရက်က La Mia ခရီးစဉ်အမှတ် ၂၉၃၃ လေယာဉ်သည် ကိုလံဘီယာတွင် ပျက်ကျခဲ့ရာ Chapeconense အသင်းမှ ကစားသမား ၁၉ ဦး ၊ ဘောလုံးအသင်း လေ့ကျင့်ရေးမှူးများ ၊ ဝန်ထမ်းများ ၊ သတင်းမီဒီယာသမားများ နှင့် ဧည့်သည် အပါအဝင် လူပေါင်း ၇၁ ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

“ ဒါဟာ အကြီးဆုံး အခမ်းအနားတစ်ခုပါပဲ။ ကွင်းထဲကို လူပေါင်း နှစ်သောင်းလောက် ဝင်ရောက်ကြမှာဖြစ်ပြီး ကွင်းအပြင်မှာတော့ လိုက်ပါပို့ဆောင်သူ တစ်သိန်းလောက် ရှိမှာပါ။ ဒါဟာ သိပ်ကို ဝမ်းနည်းကြေကွဲ စရာကောင်းပါတယ်။ ဒါပေမယ့် Chapeco ကတော့ အောင်မြင်စွာကျော်လွှား သွားမှာပါ” ဟု ဒုတိယမြို့တော်ဝန် Elio Francisco Cella က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။အသင်းနည်းပြ Caio Junior ၏ ရုပ်အလောင်းကိုမူ ၎င်း၏ဇာတိ Curitiba မြို့၌ သြင်္ဂ ိုလ်သွားမည်ဖြစ်ကြောင်း နှင့် အသင်းခေါင်းဆောင် Cleber Santana ၏ ရုပ်အလောင်းကိုမူ မိသားစုနေထိုင်ရာ ဘရာဇီးနိုင်ငံ အနောက်မြောက်ပိုင်း ရှိ Recife မြို့သို့ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ လေတပ်မှ လေယာဉ်သုံးစင်းသည် ကိုလံဘီယာနိုင်ငံ Medellin မြို့သို့ရောက်ရှိနေပြီး ဘောလုံးသမားများ၏ ရုပ်အလောင်းများကို နေရပ်မြို့သို့ပြန်လည် သယ်ဆောင်သွားမည်ဖြစ်သည်။အဆိုပါ ရုပ်အလောင်းများသည် ဘရာဇီးဒေသစံတော်ချိန် ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် Chapeco မြို့သို့ရောက်ရှိလာမည်ဖြစ်ပြီး ဘရာဇီးနိုင်ငံ နှင့် ကမ္ဘာတစ်ဝန်းရှိ သတင်းသမား တစ်ထောင်ခန့် သတင်းရယူရန် စောင့်ဆိုင်းနေကြကြောင်း ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ Gianni Infantino ၊ ဘရာဇီးလက်ရွေးစင်နည်းပြ နှင့် ကမ္ဘာ အရပ်ရပ်ရှိ ဘောလုံးကလပ်အသင်းများမှ ကိုယ်စားလှယ်များကလည်း စောင့်ကြိုနေကြကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ ပထမတန်း ဘောလုံးအသင်းများ နှင့် ကမ္ဘာတစ်ဝန်းရှိ ဘောလုံးကလပ်အသင်းများစွာကလည်း ၎င်းတို့၏ ဘောလုံးသမားများကို အခမဲ့ငှားပေးရန် Chapecoense အသင်းအား ကမ်းလှမ်းထားကြောင်း သိရသည်။
ဘရာဇီးနိုင်ငံဘောလုံးအဖွဲ့ချုပ်(CBF) ကလည်း လာမည့် ဘောလုံးရာသီသုံးခုတွင် Chapecoense အသင်းအနေဖြင့် ဘရာဇီးနိုင်ငံ၏ ပထမတန်း ဘောလုံးအသင်းအဆင့်တွင် ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ဘောလုံး အားလုံးကို ၇ ရက်ရွှေ့ဆိုင်းကြောင်းလည်း ကြေညာခဲ့သည်။(Xinhua)