Connect with us

North America

အမေရိကန်လေယာဉ်တင်သင်္ဘော ကိုရီးယားကျွန်းဆွယ်သို့ဦးတည်ခုတ်မောင်းလာ

ကိုရီးယားကျွန်းဆွယ်သို့ ဦးတည်ခုတ်မောင်းလာသော အမေရိကန်လေယာဉ်တင်သင်္ဘော Carl Vinson အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

အမေရိကန် တိုက်ခိုက်ရေးရေယာဉ်အုပ်စု U.S. Carl Vinson သည် စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်း ကိုရီးယားကျွန်းဆွယ်အနီးသို့ဦးတည်ခုတ်မောင်းလာနေကြောင်း အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဒေသဆိုင်ရာစစ်ဦးစီးချုပ်က ဧပြီလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

မကြာသေးခင်က မြောက်ကိုရီးယားနိုင်ငံမှ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက်တွင် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများဖြစ်ပေါ်ခဲ့ရပြီး ယင်းကာလအတွင်းမှာပင် အမေရိကန်တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုသည်၎င်းဒေသထဲသို့ ဦးတည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း နှင့် ၎င်းဒေသတွင် အမေရိကန်နိုင်ငံက အင်အားတိုးချဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ၏ ပစိဖိတ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris က အဆိုပါစစ်ဆင်ရေးကို တိုက်ရိုက်ကွပ်ကဲနေခြင်းဖြစ်ကြောင်း စစ်သင်္ဘောအုပ်စု၏ အင်တာနက်စာမျက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်ရေးစစ်င်္ဘောအုပ်စုတွင် လေယာဉ်တင်သင်္ဘော USS Carl Vinson နှင့်အတူ အခြား ဒုံးကျည်ဖျက်စနစ် နှင့် ဒုံးကျည်များ တပ်ဆင်ထားသော စစ်သင်္ဘောများ ပါဝင်ကြောင်း နှင့် ၎င်းတို့၏မူလ အစီအစဉ်ဖြစ်သော သြစတြေးလျခရီးစဉ်ကို ပယ်ဖျက်၍ ယခုကဲ့သို့ပစိဖိတ်အနောက်ဘက်ပိုင်းသို့ဦးတည်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရေဂိုမြို့မှ ပစိဖိတ်အနောက်ဘက်ပိုင်းသို့ဇန်နဝါရီလ ၅ ရက်ကတည်းက ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော သုံးလက ဂျပန်နိုင်ငံရေတပ် ၊ တောင်ကိုရီးယားနိုင်ငံရေတပ်တို့နှင့်ပူးတွဲ၍ စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)