Connect with us

North America

သမ္မတရှီ နှင့် အလက်စကာ အုပ်ချုပ်ရေးမှူးတို့တွေ့ဆုံ၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် အလက်စကာပြည်နယ် အုပ်ချုပ်ရေးမှူး ဘေလ်ဝေါ်ကာ (ယာ) တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

အန်ကောရေ့စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အုပ်ချုပ်ရေးမှူး ဘေလ်ဝေါ်ကာ နှင့် ဧပြီ ၇ရက်နေ့တွင် တွေ့ဆုံကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့ပြီး ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်-အမေရိကန်ဆက်ဆံရေး အကောင်းဆုံးတိုးတက်လာစေရန် လုပ်ဆောင်မှုများအနက် တစ်ခု အဖြစ် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

ရှီက အလက်စကာပြည်နယ် နှင့် တရုတ်နိုင်ငံတို့သည် သမိုင်းကြောင်းအရ ကဏ္ဍမျိုးစုံတွင် ဖလှယ်မှုများ ရှိခဲ့ကြောင်း၊ အလက်စကာ ပြည်နယ် နှင့် ၎င်း၏အကြီးဆုံးမြို့ဖြစ်သော အန်ကောရေ့စ်မြို့ တို့သည် တရုတ်- အမေရိကန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် ပါဝင်ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု၏ သက်သေခံချက်များပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီက နှစ်ဖက်စလုံးသည် တွင်းထွက်လုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းများတွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း၊ ဆောင်းရာသီးအားကစားပွဲ ဖလှယ်မှုများ ပိုမို အစပျိုးလုပ်ဆောင်ရန် နှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများကို ပိုမိုမြှင့်တင်သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အလက်စကာပြည်နယ်အတွက် အရေးပါသော ကုန်သွယ်ဖက်ဖြစ်ပြီး ၎င်း၏ ရေထွက်ပစ္စည်းများ တင်ပို့ရာ အကြီးဆုံးဈေးကွက်လည်းဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့တွင် ၂၀၂၂ခုနှစ် ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို လက်ခံကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ မြောက်ပိုင်းစွန်းပြည်နယ်ဖြစ်သော အလက်စကာပြည်နယ်တွင် နှင်း နှင့် ရေခဲ ကဲ့သို့ သဘာဝ အရင်းအမြစ်များ ကြွယ်ဝကြောင်း သိရသည်။

ဝေါ်ကာ က သမ္မတ ရှီ အား နွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အထက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံ နှင့် တွဲဖက်လုပ်ဆောင်ရန် နှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများ နီးနီးကပ်ကပ်ဆောင်ရွက်ရန် စိတ်အားထက်သန်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကိုယ်စားလှယ်များလိုက်ပါလာသော လေယာဉ်သည် ဆီဖြည့်ရန် အန်ကောရေ့စ်မြို့၌ ခရီးတစ်ထောက်ဝင်နားစဉ် ရှီ နှင့် ဝေါ်ကာတို့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဧပြီ ၆ ရက်နေ့ နှင့် ဧပြီ ၇ ရက်နေ့ အစောပိုင်းကာလများ တွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ဖလော်ရီဒါပြည်နယ် ရှိ မာအာလာဂို စံအိမ်တော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှီက သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံဆွေးနွေးမှုသည် ကြီးမားသော အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ ကဏ္ဍမျိုးစုံတွင် သဘောတူညီချက်များ ရရှိခဲ့ပြီး အပြုသဘောဆောင်သည့် ရလဒ်ကောင်းများလည်း ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်း က သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရခြင်း ရည်ရွယ်ချက်မှာ ခေတ်သစ် တရုတ်-အမေရိကန်ဆက်ဆံရေး လမ်းကြောင်းတစ်ခု တည်ဆောက်ရန် နှင့် ကျယ်ပြန့်သောနယ်ပယ်ဒေသအသီးသီးတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ဖြန့်ကျက်လုပ်ဆောင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)