Connect with us

Sport

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ဒုတိယ ဥက္ကဌ အဖြစ် မြန်မာနိုင်ငံမှ MFF ဥက္ကဌ ဦးဇော်ဇော် အရွေးချယ်ခံရ

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ကွန်ဂရက် အစည်းအဝေးတွင် AFF ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရသော MFF ဥက္ကဌ ဦးဇော်ဇော် အား AFF တာဝန်ရှိသူများနှင့် မြင်တွေ့ရစဉ် (ဓာတ်ပုံ-AFF)

ရန်ကုန် ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ကွန်ဂရက် အစည်းအဝေးကို ယနေ့သြဂုတ်လ ၂၂ ရက်တွင် ရန်ကုန်မြို့ Novotel Yangon Max ၌ ပြုလုပ်ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဌ ဖြစ်သူ ဦးဇော်ဇော်အား အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် မဲပေးဆုံးဖြတ် ရွေးချယ်လိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ သတင်း ထုတ်ပြန်လိုက် သည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ကွန်ဂရက် အစည်းအဝေးတွင် ၂၀၁၅-၂၀၁၉ ခုနှစ် သက်တမ်းအတွက် လက်ရှိ ဥက္ကဌ တာဝန်ယူထားသည့် Mr. Sultan Haji Ahmad Shah သည် ဒုတိယ သက်တမ်းအတွက် ဥက္ကဌ အဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပြီး (AFF) အဖွဲ့ချုပ်၏ ဒုတိယ ဥက္ကဌ လေးဦးအနက် မြန်မာနိုင်ငံမှ (MFF) ဥက္ကဌ ဦးဇော်ဇော်သည် ဒုတိယ ဥက္ကဌ တစ်ဦးအဖြစ် မဲပေးဆုံးဖြတ် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဘောလုံးအားကစား သမိုင်းသည် သက်တမ်း ရှည်ကြာခဲ့ပြီ ဖြစ်ပြီး ယခုကဲ့သို့ ရွေးချယ်ခံရခြင်း သည် နိုင်ငံအချင်းချင်းအကြား ဘောလုံး အားကစားလောက ပေါင်းစည်း ညီညွှတ်ရေးအတွက် အရေးပါမှု တစ်ခု ဖြစ်ပါကြောင်း အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFF ဒုတိယဥက္ကဌ ဖြစ်သူ ဦးဇော်ဇော်က ပြောကြား ခဲ့ကြောင်း အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ ပြုလုပ်သည့် AFF Awards Night 2015 ကို ယနေ့ညပိုင်းတွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ဆုပေးပွဲတွင် ဆုအမျိုးအစား ၁၈ ခု ချီးမြှင့် သွားမည် ဖြစ်သည်။

ချီးမြှင့်မည့် ဆုများမှာ အကောင်းဆုံး ဘောလုံးသမားဆု (အမျိုးသား/ အမျိုးသမီး )၊ အကောင်းဆုံး အမျိုးသားအသင်း နည်းပြဆု၊ အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆု၊ အကောင်းဆုံး လက်ရွေးစင် အသင်းဆု (အမျိုးသား/ အမျိုးသမီး)၊ အကောင်းဆုံး ဘောလုံးအဖွဲ့ချုပ်ဆု၊ အကောင်းဆုံး ဖူဆယ် အသင်းဆု၊ အကောင်းဆုံး ဖူဆယ် ကစားသမားဆု၊ ကောင်းဆုံး လူငယ် ကစားသမားဆု၊ အကောင်းဆုံး ဒိုင်လူကြီးဆု (အမျိုးသား/ အမျိုးသမီး )၊ အကောင်းဆုံး စည်းကြပ်ဒိုင်ဆု (အမျိုးသား/အမျိုးသမီး )၊ အာဆီယံ ဘောလုံး အဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်ဆု၊ ASEAN Goodwill ဆု၊ ၂ဝ၁၄ ဆူဇူကီး ဖလားပြိုင်ပွဲ အကောင်းဆုံး ဂိုးဆုနှင့် အကောင်းဆုံး အသင်းဆု တို့ ဖြစ်သည်။

အာဆီယံ ဘောလုံး အဖွဲ့ချုပ်သည် ယင်းဆုပေးပွဲကို ၂ဝ၁၃ ခုနှစ်မှ စတင်ကာ နှစ်နှစ် တစ်ကြိမ် ကျင်းပခြင်း ဖြစ်ပြီး ပထမအကြိမ် ကျင်းပသည့် ၂ဝ၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဆုနှစ်ခု ရခဲ့ပြီး အကောင်းဆုံး ဘောလုံး အဖွဲ့ချုပ်ဆုနှင့် အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆုကို မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ် ကူမာဒါ (ဂျပန်) တို့က ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင် တောင်ပံကစား သမား ကြည်လင်းမှာ AFF အကောင်းဆုံး အသင်းဝင် ၁၁ ယောက်တွင် ရွေးချယ် ခံခဲ့ရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117