Connect with us

Local

မွန်ပြည်နယ်၏ ငြိမ်းချမ်းရေး နှင့် လူမှုစီးပွားဘဝ တည်ငြိမ် ဖွံ့ဖြိုးရေး ကူညီ ဆောင်ရွက် သွားရန် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ ကတိပြု လက်မှတ် ရေးထိုး

ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုသည့် စာချွန်လွှာအား လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ မေ ၁၄ ရက်(ဆင်ဟွာ)

မွန်ပြည်နယ်၏ ငြိမ်းချမ်းရေး နှင့် လူမှုစီးပွားဘဝ တည်ငြိမ် ဖွံ့ဖြိုးရေး အတွက် ကူညီ ဆောင်ရွက်သွားရန် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များသည် မော်လမြိုင်မြို့၌ မေ ၁၃ ရက်တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ “B4P” အခမ်းအနားတွင် ကတိပြု လက်မှတ် ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ထံမှ သိရသည်။

ရေးထိုးခဲ့သည့် စာချွန်လွှာအရ စီးပွားရေးလုပ်ငန်းများ အနေဖြင့် တာဝန်သိသော၊ တာဝန်ကျေသော လုပ်ငန်းများ အဖြစ် ရပ်တည် သွားခြင်းဖြင့် ဒေသတွင်း လူမှုစီးပွား ဘဝ ငြိမ်းချမ်းရေးကို လုပ်ဆောင် သွားကြမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုသည့် စာချွန်လွှာကို မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ် ဦးဝင်းရှိန်နှင့် United Nations Global Compact Network Myanmar ၏ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းသက်တို့က မော်လမြိုင်မြို့ရှိ ရွိုင်ရယ်ဟင်္သာဟိုတယ်၌ ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ ကိုယ်စား မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းက United Nations Global Compact Network Myanmar နှင့် ပူးပေါင်းကာ ပြည်နယ် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်သွားရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်တို့ သက်သေပါဝင်ကာ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စီးပွားရေး ဖွံ့ဖြိုး တိုးတက် စေမှု နှင့် တွဲလျက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်နယ်အတွင်း လူမှု ဘဝ တည်ငြိမ်ရေး နှင့် မညီမျှမှု လျှော့ချရေးအတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး နှင့် ကုန်စည် ဝန်ဆောင်မှု ဈေးကွက် တည်ငြိမ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117