North America
မက္ကဆီကို လမ်းမတော်တဆမှုကြောင့် လူ ၉ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရ
မက္ကဆီကိုစီးတီး၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)
မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Tamaulipas ပြည်နယ်၌ သြဂုတ်လ ၂ ရက် နံနက်ပိုင်းက ခရီးသည်တင် ဘတ်စ်ကား တစ်စီးနှင့် ထရပ်ကား တစ်စီးတို့ တိုက်မိရာ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၁၆ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အများပြည်သူ ဘေးကင်းရေး အစီအစဉ် ညှိနှိုင်းရေးမှူး Pedro Granados က ဆင်ဟွာသို့ ပြောသည်။
ယင်း မတော်တဆမှုမှာ Jaumave မြို့မှ Ciudad Victoria မြို့သို့ ချိတ်ဆက်ထားသည့် အဝေးပြေးလမ်းမကြီးတွင် ဒေသစံတော်ချိန် နံနက် ရး၀၀ နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောသည်။
ထရပ်ကားနှင့် တိုက်မိပြီးနောက် ခရီးသည်တင် ဘတ်စ်ကားမှာ လမ်းဘေးသို့ ရောက်ကာ မီတာ ၅၀ ခန့်နက်သည့် လျှိုတစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း Granados က ဆိုသည်။
Omnibus ကုမ္ပဏီပိုင် ဘတ်စ်ကားသည် Ciudad Victoria နှင့် နယ်စပ် Reynosa မြို့တို့အားသွားရန် မက္ကဆီကိုစီးတီးမှ သြဂုတ်လ ၁ ရက် ညပိုင်းက ထွက်ခွာလာခဲ့သည်ဟု Granados က ဆိုသည်။
လျှိုအတွင်းသို့ ကျသွားသည့် ရုပ်အလောင်းများအား ပြန်ယူနိုင်ရန် အရေးပေါ် တုန့်ပြန်ရေးအဖွဲ့များစွာမှ ကယ်ဆယ်ရေး အလုပ်သမားများက အချိန် နာရီပေါင်းများစွာ ကြာမြင့်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ ၁၆ ဦးအား ဒေသတွင်း ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း Granados က ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)