Connect with us

Politics, Law & Military

လှိုင်မြို့နယ် တက္ကသိုလ် အားကစားရုံကို တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အသုံးပြုနိုင်ရန် ပြန်လည် စီစဉ်မည်ဟု ဆို

မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီးဌာနအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

လှိုင်မြို့နယ်၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ရှိ တက္ကသိုလ် အားကစားရုံအား တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အသုံးပြုခွင့် ရရှိရန် လာမည့် ဘဏ္ဍာနှစ်တွင် ပြန်လည် စီစဉ်ပေးသွားမည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်သူ့ လွှတ်တော် တွင် ဖြေကြားခဲ့သည်။

“ပညာရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် နှစ်ကစပြီး ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)အတွင်းမှာ ပညာသင်ကြားမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ စီမံ ဆောင်ရွက်လျက်ရှိပါတယ်၊ ဒီလို စီမံ ဆောင်ရွက် တဲ့ နည်းတူ လှိုင် တက္ကသိုလ် အားကစားရုံကိုလည်း ကျောင်းသား ကျောင်းသူများ အတွက် အားကစား ကိစ္စများ အကျိုးအရှိဆုံး အသုံးပြုနိုင်ရန် ပြန်လည် စိစစ် ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။

လှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ “ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ရှိ ပုဂ္ဂလိကသို့ အငှားချထားသော ပျက်စီး ယိုယွင်းလျက်ရှိသည့် တက္ကသိုလ် အားကစားရုံအား ပြုပြင် ထိန်းသိမ်းထားရန်နှင့် ကျောင်းသူ ကျောင်းသားများနှင့် အများပြည်သူတို့ ပြန်လည် အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တက္ကသိုလ် အားကစားရုံကို ၂၀၀၂ ခုနှစ်မှစပြီး တစ်လ ငါးသောင်းကျပ်နှုန်းဖြင့် အငှားချထား ခဲ့ကြောင်း၊ ထိုအချိန်က အဆောင်နေ တက္ကသိုလ်ကျောင်းသားများ မရှိသဖြင့် လာရောက် ကစားမည့် သူ မရှိသောကြောင့် ပုဂ္ဂလိကသို့ ငှားခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအခြေအနေတွင် ၂၀၁၆ မှ ၂၀၁၈ ထိ သုံးနှစ်အတွက် တစ်လ ကျပ် လေးသိန်းနှုန်းဖြင့် အငှားချထားပါကြောင်း၊ ပြုပြင်ရန် လိုအပ်နေသည့် အဆိုပါ အားကစားရုံကြီးအား အကြီးစား ပြင်ဆင်မှုပြုလုပ်ရန် ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနအနေဖြင့် ငှားရမ်းထားသည့် လုပ်ငန်းရှင်နှင့် ညှိနှိုင်းပြီး ပြုပြင်သွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဖြေကြားခဲ့ခြင်းအပေါ် လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်က “ အငှား စာချုပ်ကို ဖျက်သိမ်းပြီး ကျောင်းသား ကျောင်းသူများ ယခင်ကဲ့သို့ အပြည့်အ၀ ကစားခွင့်ပြန်ပေးရန် အစီအစဉ် ရှိမည်လား” ဟု ဆက်စပ် မေးခွန်း ထပ်မေးသည့်အခါတွင် ဒုတိယ ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.