Connect with us

Business

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ အသင်းဝင်များအားလုံး အွန်လိုင်းမှတစ်ဆင့် Software အသုံးပြု၍ ရွှေအရောင်းအဝယ်လုပ်နိုင်ရန် YGEA မှ စီစဉ်လျက်ရှိ

ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်၌ ခင်းကျင်းထားသော ရွှေထည်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ အသင်းဝင်များအားလုံး အွန်လိုင်းမှတစ်ဆင့် Software အသုံးပြု၍ ရွှေအရောင်းအဝယ်လုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ စီစဉ်လျက်ရှိကြောင်း YGEA မှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင်ပြောသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်၌ ခင်းကျင်းထားသော ရွှေထည်များကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ကျွန်တော်တို့ အခုလိုစီစဉ်ဖြစ်တာက အရောင်းအဝယ်လုပ်လို့ ကျပ်သိန်း ၂၀၀ ကျော်ရင် ဘဏ်ကနေဖြတ်ရမယ်ဆိုတဲ့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့လည်း အကျုံးဝင်အောင် နောက်ပြီး ဆိုင်ကလူတွေလည်း အသင်းရုံးကို မလာဘဲနဲ့ ဆိုင်ကနေပြီး အရောင်းအဝယ်လုပ်လို့ရအောင်၊ အွန်လိုင်းက အရောင်းအဝယ်လုပ်ပြီး အချိန်ကုန်လူသက်သာမယ်။ ပြီးတော့ ဘဏ်ကနေ ငွေဖြတ်တယ်။ အဲဒီစနစ်ကို သွားချင်တဲ့အတွက် အခုလိုစီစဉ်ဖြစ်တာပါ” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၌ ယနေ့အထိ အသင်းဝင်ပေါင်း ၆၀၀ ရှိပြီး ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံး၌ ရွှေဆိုင်ပေါင်း ၁၀,၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ဦးမျိုးမြင့်က “လက်ရှိမှာ ကျွန်တော်တို့အသင်းအနေနဲ့ UAB ဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အခုက
Software ဆွဲနေပါတယ်။ Software ရေးဆွဲပြီးတာနဲ့ အခုအစီအစဉ်ကို စဖြစ်မှာပါ။ အခုလို Software နဲ့ဆောင်ရွက်တဲ့အတွက် ငွေရေးကြေးရေး စိတ်ချရတယ်။ ကိုယ့်ဆိုင်ကနေပဲ အရောင်းအဝယ်လုပ်နိုင်တဲ့ အချိန်ကုန်သက်သာမှာဖြစ်ပါတယ်” ဟု ပြောသည်။

ရွှေလုပ်ငန်းနှင့် ပတ်သက်သော လိုင်စင်များကိုစနစ်တကျ ဖြစ်စေရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ရွှေဈေးနှုန်းတည်ငြိမ်ဖို့ ငွေလက်ငင်းစနစ်နဲ့ အရောင်းအဝယ်လုပ်တယ်။ ငွေကြေးခဝါချနဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို သင်တန်းဖွင့်လှစ်ပြီး ပို့ချသွားဖို့ရှိပါတယ်” ဟု ဦးမျိုးမြင့်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117