Connect with us

Local

၂၀၁၇ ခုနှစ် တွင် မြန်မာ့စီးပွားရေးကဏ္ဍ ဘယ်လိုရှိခဲ့သလဲ

၂၀၁၇ ခုနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ၀င်ရောက်လာခဲ့တယ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာ့စီးပွားရေး ကဏ္ဍသည် ၂၀၁၇ ခုနှစ် တွင် အစိုးရဘက်မှ ဖြေလျှော့မှုများ ပြုလုပ်ခဲ့သလို နိုင်ငံတော်အတိုင်းအတာအရ ထုတ်ပြန်သည့် စာရင်းအရနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုဝင်လုပ်ငန်းများ ပိုလာပြီး၊ တချို့လုပ်ငန်းများသည် ယခုထက်တိုးတက်ရန်လိုနေသေးကြောင်း စီးပွားရေးပညာရှင် နှင့် လုပ်ငန်းရှင်တချို့မှ သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “ဒီနှစ်စီးပွားရေး အနေအထား အရ တန့်နေတယ်လို့ စီးပွားရေးသမားတွေက မြင်ကြတယ်။ နိုင်ငံတော်အတိုင်းအတာအရ ထုတ်ပြန်တဲ့ စာရင်းအရနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်တယ်ဆိုတာတော့ ရှိတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ အစိုးရအပြောင်းအလဲမှာ အသားသိပ်မကျသေး တာလည်းပါတယ်’’ ဟုပြောသည်။

ဘဏ္ဍာနှစ်သတ်မှတ်ချက်အပြောင်းအလဲ

မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခု၌ ခေတ်မီငွေရေစက်များဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်နေစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်တွင် တိုင်းပြည်အတွက် အရေးကြီးသော ဘဏ္ဍာနှစ်သတ်မှတ်ချက်အပြောင်းအလဲအား လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။ နိုင်ငံတော် သမ္မတရုံးက ၂၉ ရက် စက်တင်ဘာလ ၂၀၁၇ ရက်စွဲ နှင့် ပေးပို့ထားသည့် မြန်မာနိုင်ငံ၏ လက်ရှိ ကျင့်သုံးနေသော ဘဏ္ဍာရေးနှစ်ဖြစ်သည့် ဧပြီလ (၁) ရက်မှ မတ်လ (၃၁) ရက်အစား အောက်တိုဘာလ (၁) ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပြောင်းလဲ ပြင်ဆင် သတ်မှတ်မှုကို၂၀၁၈ – ၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ၏ သဝဏ်လွှာ အပါအဝင် ၎င်းကိစ္စအပေါ် လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များရဲ့ ရှင်းလင်း တင်ပြချက်များကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

ပို့ကုန်၊သွင်းကုန်ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-စီးပွားကူးသန်း)

ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲရခြင်း၏ အဓိက အကြောင်းရင်းမှာ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်နေသည့် အခြေခံ အဆောက်အအုံများကို အရှိန်အဟုန်ဖြင့် တည်ဆောက်ရေးနှင့် ဝယ်ယူရေး လုပ်ငန်းများအတွက် တစ်ဆက်တည်း ဖြစ်သော ပွင့်လင်း ရာသီ အများဆုံး ရရှိရေး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ မုတ်သုန်ရာသီ ရှိသော ထိုင်းနှင့် လာအိုတို့တွင်လည်း ဘဏ္ဍာရေး နှစ်ကို အောက်တိုဘာလမှ စက်တင်ဘာလ အထိ သတ်မှတ်ထားသည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊ သာမန်အသုံးစရိတ်တွင်ပါဝင်သည့် ပြင်ဆင်ထိန်းသိမ်းရေး စရိတ်များ တွင်လည်း တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်သဖြင့် ဘဏ္ဍာရေးနှစ်အတွင်း တစ်ဆက်တည်း ပွင့်လင်းရာသီ အများဆုံး ရရှိခြင်း သည် ငွေလုံးငွေရင်း အသုံးစရိတ်များကိုသာမက သာမန်အသုံးစရိတ်များကိုပါ အဆင်ပြေစေမှာ ဖြစ် ကြောင်း၊ ဘဏ္ဍာရေးနှစ် အစပိုင်းတွင် ပွင့်လင်းရာသီ တစ်ဆက်တည်း ပိုမိုရရှီခြင်းသည် ခရီးသွား လုပ်ငန်း၊ လယ်ယာ၊ သတ္တု၊ သစ်တော စသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးရေးကို အထောက်အကူပြု ပါကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် ရှင်းလင်း တင်ပြခဲ့သည်။

စုစုပေါင်းပြည်တွင်းပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး -GDP

GRP ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ–MOI)

စုစုပေါင်းပြည်တွင်းပြည်တွင်းထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုတန်ဖိုး -GDP သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တွင် ၅.၉၀ ရာခိုင်နှုန်း အထိ တိုးတက်လာခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့သည်။

အထူးစီးပွားရေးဇုန်များ

အထူးစီးပွားရေးဇုန်များလည်း ထပ်တိုးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ရန်ကုန်-ဒလတံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်အထူးစီးပွားရေးဇုန် တစ်ရပ်ထူထောင်ရန် ပြင်ဆင်ဆောင်ရွက် နေကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ရန်ကုန်မြို့ရှိ UMFCCI တွင် ပြုလုပ်ခဲ့သည့် Challenges for Business Enterprises in 2018(Public Talk) အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားစဉ်ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ရွှေကုက္ကို မြို့သစ် စီမံကိန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ် ကို ချုပ်ဆိုခဲ့ကြပြီး Ya Tai ကုမ္ပဏီ နှင့် Zhong Ye ကုမ္ပဏီ တို့မှ စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ် ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

ရွှေကုက္ကို မြို့သစ် စီမံကိန်း သည် မြေဧက ၁၃၀၀ ရှိသည့် မြို့သစ် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီးဖြစ်ကြောင်း နှင့် စီမံကိန်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု မှာ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ပြုလုပ်မည့် မြို့သစ် စီမံကိန်း တစ်ခု ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန် သုံးခုကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊၎င်းတို့မှာ ရခိုင်ပြည်နယ်ရှိကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန် နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့ ဖြစ်ကြသည်။

အထူးစီးပွားရေးဇုန် ဥပဒေ ၏ အခန်း (၁)၊ ပုဒ်မ ၃ တွင် ကင်းလွတ်ဇုန်ကို နိုင်ငံပြင်ပတွင် တည်ရှိသကဲ့သို့ ယူဆရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။ ကင်းလွတ်ဇုန်တွင် အဓိက အားဖြင့် ပြည်ပတင်ပို့သည့် ဈေးကွက်ကို အဓိကထားရန်ဖြစ်ပြီး ယင်းဇုန်တွင် ကုန်ထုတ်လုပ်မှုနယ်မြေ၊ သယ်ယူထောက်ပံ့ရေးလုပ်ငန်းများ နေရာ နှင့် လက်ကားရောင်းဝယ်ဖောက်ကားသည့်နေရာများ ပါဝင်ကြောင်း၊ SEZ အတွင်းမှ ကုန်စည်များ နှင့် ဇုန်အတွင်း တင်သွင်းသည့် ကုန်စည်တို့အတွက် အကောက်ခွန် နှင့် အခြားအခွန်ကင်းလွတ်ခွင့်များရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းမြှင့်တင်ရေးဇုန်သည် အဓိကအားဖြင့် ပြည်တွင်းဈေးကွက် နှင့် အထူးစီးပွားရေးဇုန်များ အတွင်းရှိ ဈေးကွက်ပေါ်အခြေခံထားကြောင်း၊ အဆိုပါဇုန်၌ ကုန်ထုတ်လုပ်မှု၊ အိမ်ရာများ၊ ကုန်တိုက်များ ၊ ဘဏ်လုပ်ငန်းများ ၊ အာမခံလုပ်ငန်းများ၊ ကျောင်းများ၊ ဆေးရုံများ နှင့် အပန်းဖြေနေရာများကဲ့သို့သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း သိရသည်။

ငွေကြေးဖောင်းပွမှု (Inflation)

ကျပ်ငွေနှင့်ဒေါ်လာအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် တွင် ငွေကြေးဖောင်းပွ ၄.၇ ရာခိုင်နှုန်းရှိကြောင်းဗဟိုမှ တရားဝင်ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ် တစ်နှစ်လုံးတွင် ဒေါ်လာဈေးသည် တစ်ဒေါ်လာကို ၁၃၀၀ ကျော်တွင် သာရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လ ၂ ရက်နေ့တွင် တစ်ဒေါ်လာကို ၁၃၅၆ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တစ်ဒေါ်လာ ကို ၁၃၅၅ ပေါက်ဈေးရှိသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “ ငွေကြေးဖောင်းပွမှုက နှစ်စဉ်ပုံမှန် နှုန်းလောက် ရှိတယ်။ ဥပမာကုန်ဈေးနှုန်းတွေတက်လာတာက ငွေကြေးဖောင်းပွမှုရဲ့သင်္ကေတပေါ့’’ ဟုပြောသည်။

ပို့ကုန်၊ သွင်းကုန် (Export Import)

ကုန်သေတ္တာများအားတွေ့ရစဉ် (ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ တရားဝင်ထုတ်ပြန်သည့် စာရင်းများအရ ဘဏ္ဍာနှစ်အလိုက် ပုမှန်/နယ်စပ် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု အခြေအနေသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပိုမိုတိုးတက်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ပင်လယ်ရေကြောင်းမှ ပို့ကုန် ၆၃၀၉.၇၄၃ အမေရိကန်ဒေါ်လာသန်း၊ နယ်စပ်မှ ပို့ကုန် ၃၄၄၅.၂၈၂ အမေရိကန်ဒေါ်လာသန်း၊ စုစုပေါင်း ပို့ကုန်တန်ဖိုး ၉၇၅၅.၀၂၅ အမေရိကန်ဒေါ်လာသန်းရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်တွင် အောက်တိုဘာလ အထိ သွင်းကုန် အနေဖြင့် ပင်လယ်ရေကြောင်းမှ ၁၀၉၁၅.၀၅၄ အမေရိကန်ဒေါ်လာသန်း၊ နယ်စပ်မှ ၁၉၄၄.၉၇၅ အမေရိကန်ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး ၁၂၈၆၀.၀၂၉ အမေရိကန်ဒေါ်လာသန်း သွင်းခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ခုနှစ်ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ပင်လယ်ရေကြောင်းမှ ပို့ကုန် ၄၇၆၈.၉၆၄ အမေရိကန်ဒေါ်လာသန်း၊ နယ်စပ်မှ ပို့ကုန် ၃၃၂၁.၄၉၈ အမေရိကန်ဒေါ်လာသန်း၊ စုစုပေါင်း ပို့ကုန်တန်ဖိုး ၈၀၉၀.၄၆၂ အမေရိကန်ဒေါ်လာသန်းရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ခုနှစ်ဘဏ္ဍာနှစ်တွင် အောက်တိုဘာလ အထိ သွင်းကုန် အနေဖြင့် ပင်လယ်ရေကြောင်းမှ ၈၇၅၆.၂၉၃အမေရိကန်ဒေါ်လာသန်း၊ နယ်စပ်မှ ၁၉၈၄.၂၄၈အမေရိကန်ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး ၁၀၇၄၀.၅၄၁အမေရိကန်ဒေါ်လာသန်း သွင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဒေါက်တာစိုးထွန်းက “အစိုးရကတော့ ဖြေလျှော့မှုတွေ လုပ်ခဲ့တယ်။ ဖြေလျှော့မှုတွေလုပ်ပေမယ့်လည်း စီးပွားရေးကတုန့်နှေးနေတဲ့ သဘောမှာရှိတယ်။ အိတ်စပို့ကဏ္ဍမှာတော့ ဆန်အိတ်စပို့ကတော့ တိုးတက်ခဲ့တယ်’’ ဟု ဆင်ဟွာကိုပြောသည်။

ဖြေလျှော့မှုများပြုလုပ်

အစိုးရအနေဖြင့် စီးပွားရေးတိုးတက်လာစေရန် မြန်မာနိုင်ငံကုမ္ပဏီဥပဒေအတည်ပြုခြင်း၊ ရင်းနှီးမြှုပ်နှံမှု များ ဖိတ်ခေါ်ခြင်း၊ တချို့မူဝါဒများဖြေလျှော့ခြင်း တို့အားဆောင်ရွက်ခဲ့သည်။

ထို့ပြင် နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်းဆောင်ရွက်သူများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင် မှုများ ဆောင်ရွက်ခွင့်ပြုခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ်ခွဲများအား ဘဏ်ခွဲများအား ဘဏ်ခွဲလိုင်စင်ထုတ်ပေးရာတွင် နိုင်ငံခြားကုမ္ပဏီ/လုပ်ငန်းများ၊ ပြည်တွင်း/နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်တွင်းငွေရေး ကြေးရေး အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ပြည်တွင်းကုမ္ပဏီ/လုပ်ငန်းများအတွက် လက်ကားဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားပါကြောင်း၊ ယခုအခါ ပြည်တွင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေ ရန်အတွက် နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်း ဆောင်ရွက်သူများအတွက် ပို့ကုန်ချေးငွေ ဖြည့်ဆည်းမှု (Export Financing) နှင့် ပို့ကုန်လုပ်ငန်း နှင့် ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း များ (Related Banking Services for Export Financing) ကိုဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ် မှ ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံကုမ္ပဏီဥပဒေ

မြန်မာကုမ္ပဏီ ဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြဌာန်းနိုင်ခဲ့သည်။ “ ၁၉၄၁ မြန်မာကုမ္ပဏီဥပဒေကို Update ဖြစ်အောင်လုပ်ခဲ့တယ်၊ မျှတတဲ့ဥပဒေဖြစ်အောင်နဲ့ ခုစီးပွားရေးနဲ့ ကိုက်ညီအောင်လုပ်ထားပါတယ်။ မြန်မာကုမ္ပဏီဥပဒေသည် အွန်လိုင်း စနစ်နဲ့ ကုမ္ပဏီမှတ်ပုံတင်နိုင်ခြင်းများကြောင့် စီးပွားရေးသမားများအတွက် လွယ်ကူမှုရှိပြီး တိုးတက်မှုများရှိလာနိုင်ပါတယ်။’’ ဟု ဦးအောင်နိုင်ဦးက ပြောသည်။

အသစ်ပြဋ္ဌာန်းသောကုမ္ပဏီ ဥပဒေနှင့်ဆက်စပ်၍ မြန်မာ ကုမ္ပဏီများတွင် နိုင်ငံခြားသား များ၏ ရှယ်ယာပါဝင်မှုအချိုးကို ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုထားကြောင်း သိရသည်။

စတော့အိတ်ချိန်း

စတော့အိတ်ချိန်း မိတ်ဆက်ပွဲ တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်ထောင်စု အခွန်အကောက် ဥပဒေကြမ်းတွင် စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများကို ဝင်ငွေခွန် ကင်းလွတ် ၊ သက်သာခွင့် ပေးသွားရန် ဖော်ပြထားသဖြင့် ယင်းမှာ ရင်းနှီးမြှုပ်နှံသူများ အတွက် အကျိုး ပိုရှိစေလာမည် ဖြစ်သော်လည်း လက်ရှိတွင် စတော့ဈေးကွက်မှာ အေးစက်နေကြောင်း သိရသည်။

စတော့အိတ်ချိန်း ဈေးကွက်အတွင်း စတင် အရောင်းအဝယ် ပြုလုပ်ချိန်တွင် စိတ်ဝင်စားမှု မြင့်တက်ခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူတို့၏ စိတ်ပါဝင်စားမှု တဖြည်းဖြည်းဖြင့် လျော့နည်းလာခဲ့သည်။

“စတော့အိတ်ချိန်းကို စိတ်ဝင်စားမှု လျော့နည်းတယ် ဆိုတာက စဝယ်တဲ့ အချိန်ထဲကကို သူတို့ရဲ့မျှော်မှန်းတာကို မရဘူး။ဈေးတွေ တက်မယ် ထင်ကြတယ်။တကယ်တမ်းကြတော့ စတော့က အဲလို မဟုတ်ဘူး။ရောင်းသူ ၊ ဝယ်သူ နှစ်ဦးစလုံး ဈေးနှုန်းတူတဲ့ ဟာကိုပဲ လုပ်တယ် ဆိုတဲ့ အတွက်ကြောင့် သူတို့ရဲ့စိတ်ဝင်စားမှု လျော့သွားတာပေါ့။ အဓိကတော့ စတော့အိတ်ချိန်းက ဘယ်လို ရောင်းဝယ်ရတယ်။စည်းကမ်းတွေ ဘယ်လို ရှိတယ် ဆိုတာ သူတို့ကို အသိပညာ ပေးဖို့က အရေးကြီးတယ်။အဲဒါ အတွက် စီစဉ် ဆောင်ရွက်နေတယ်။”ဟု ရန်ကုန် စတော့ အိတ်ချိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ ၄ခု ဖြစ်သည့် ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ Myanmar Thilawa SEZ Holding ၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ် တို့ သည် လက်ရှိတွင် ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး ၊ ရန်ကုန်စတော့အိတ်ချိန်းမှာ ပဉ္စမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်လာမည့် TMH Telecom Public ကုမ္ပဏီလီမီတက် မှ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း ကိုလက်ရှိတွင် ဆောင်ရွက်လျက်ရှိသည်။

ဘဏ်များမှ ခေါ်ယူအပ်ငွေ Call Deposit လျှော့ချ

ကမ္ဘောဇဘဏ်၏ ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ– KBZ ဘဏ်)

၂၀၁၇ ခုနှစ်တွင် ဘဏ်များမှ ခေါ်ယူအပ်ငွေ Call Deposit ကို ၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ တစ်ကြိမ်၊ ၆ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်း သို့ တစ်ြကိမ်လျှော့ချခဲ့သည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင် က “ဘဏ်တွေကနေ ခေါ်ယူအပ်ငွေ Call Deposit ကို ၈ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းကနေ မှ ၂ ရာခိုင်နှုန်း ကိုလျှော့တယ်ဆိုတော့ ဒါစီးပွားရေးတုန့်ဆိုင်းမှုရဲ့ လက္ခဏာကို ဖော်ပြတာပဲ။ငွေကြေးက လည်ပတ်မှု မကောင်းတဲ့ အတွက် နေ့ပြန်တိုး ဖြစ်တဲ့ ခေါ်ယူအပ်ငွေ ကို ဘဏ်တွေကလျှော့လိုက်တာ။’’ ဟုဆင်ဟွာ ကိုပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

စီးပွားရေး မြို့တော် ရန်ကုန်မြို့အားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ခုနှစ် နိုဝင်ဘာလ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၄၇.၀၈၇ အမေရိကန်ဒေါ်လာသန်း ရှိခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ၁၀၁၈.၀၆၉ အမေရိကန်ဒေါ်လာ သန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်သည်။

၂၀၁၈ စီးပွားရေး ဘာဖြစ်နိုင်သလဲ

အစိုးရဘက်မှ စီးပွားရေး နှင့် ဆိုင်သည့် ကန့်သတ်ချက်များ ယခုထက် လျှာ့ချနိုင်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုဝင်လာနိုင်ကြောင်း၊ အခြေခံအဆောက်အအုံများအခုထက်ပိုမိုကောင်းမွန်လာရန် နှင့် အိမ်နီးချင်းနိုင်ငံများ နှင့် ယှဉ်ပါက စားရိတ်လျှော့ချနိုင်ရန် ဆောင်ရွက်သင့်ကြောင်း စီးပွားရေးပညာရှင်တို့က အကြံပြုပြောကြားသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(ငြိမ်း) ဦးရူပက “မြေယာကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ အရင်းအနှီးနဲ့ နည်းပညာ ဆိုတဲ့ အချက် ၄ ချက် က စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အချက်လေးချက်ပဲဖြစ်တယ်။ အစိုးရ အနေနဲ့ ဒီကိစ္စကို အကောင်းဆုံးကိုင်တွယ်နိုင်ရင် ၂၀၁၈ ရဲ့စီးပွားရေး က ပိုမိုကောင်းမွန်လာမှာဖြစ်တယ်။ ၂၀၁၈ ကတော့ အခုထက် စီးပွားရေး ပိုကောင်းလာနိုင်မယ်လို့ ဆရာ့အနေနဲ့ မြင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

၂၀၁၇ ခုနှစ်သည် ပြည်တွင်းရေး အခြေအနေတချို့လည်း ဖြစ်ပွားခဲ့သည့် အတွက် စီးပွားရေးများ တန့်နေခဲ့ရခြင်း ဖြစ်ကြောင်း၊ စီးပွားရေး နှင့် နိုင်ငံရေးသည် ဆက်စပ်လျက်ရှိကြောင်း စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

အနိမ့်ဆုံးလုပ်ခလစာ

ပုဂ္ဂလိက အထည်ချုပ်စက်ရုံတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

၂၁၀၇ ခုနှစ် ၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် လုပ်သား ၁၀ယောက် နှင့် အထက်ရှိ လုပ်ငန်းများ အတွက် တစ်ရက် လုပ်ခ ကျပ်၄၈၀၀ ၊ တစ်နာရီ လုပ်ခ ကျပ်၆၀၀ နှုန်းအား သတ်မှတ်လိုက်သည်။

ယခုအစည်းအဝေးဆုံးဖြတ်ချက်အား ရက်ပေါင်း၆၀အတွင်းမှာ ကန့်ကွက်နိုင်ကြောင်း အားလုံးသဘောတူ ပါက အစိုးရအဖွဲ့သို့ တင်ပြပြီး အတည်ပြုသတ်မှတ်သွားမှာ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117