Connect with us

Asia

ထွန်းသစ်စ နယ်ပယ်များတွင် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုအား တရုတ်ဝန်ကြီးချုပ် လီချန် အလေးထားပြောကြား

ဟနွိုင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုမှသည် ဒစ်ဂျစ်တယ်စီးပွားရေးအထိ ထွန်းသစ်စ လုပ်ငန်းနယ်ပယ်များတွင် ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မည့် ကတိကဝတ်အား ဗီယက်နမ်သို့ သွားရောက်ခဲ့သည့် တရားဝင် ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အလေးထားပြောကြားခဲ့သည်။တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကျယ်ပြန့်အောင် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိပါကြောင်း ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်း‌ရေးမှူးချုပ်၊ ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်နှင့် တွေ့ဆုံဆွေးနွေးစဉ် လီက ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကြာမြင့်သော သုံးရက်ကြာခရီးစဉ် ပထမနေ့တွင် လီက တိုလမ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်တို့ တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံ ဥပဒေပြုလွှတ်တော်များအနေဖြင့် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာ အထောက်အကူပေးလျက် တီထွင်ဆန်းသစ်မှုအ‌ပေါ် ပိုမိုအာရုံစိုက်သင့်ကြောင်း ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Tran Thanh Man နှင့် တွေ့ဆုံရာ၌ ဝန်ကြီးချုပ် လီချန်က ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်စီးပွားရေး၊ စွမ်းအင်သစ်နှင့် 5G စသည့် ထွန်းသစ်စ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးအတွက် နှစ်ဖက်လုံးက တရားဝင် အာမခံချက်များ ထားရှိရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ပိုမိုရေရှည်ခိုင်မာသော စွမ်းအင်ဆိုင်ရာ ဖြေရှင်းနည်းများဆီသို့ အသွင်ကူးပြောင်းရန်နှင့် ဆန်းသစ်တီထွင်မှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အလားအလာကို အကျိုးရှိရှိအသုံးချရန် ကြိုးပမ်းလျက်ရှိရာ အလွန်အရေးပါသောအချိန်၌ အဆိုပါ ကတိကဝတ်ပြုမှု ပေါ်ပေါက်လာြခင်းဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။

တရုတ်နိုင်ငံသည် အထူးသဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လျှပ်စစ်ကား (EVs) အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းသော စီးပွားရေးနယ်ပယ်၌ ဦးဆောင်နေစဉ် ဗီယက်နမ်ကလည်း စွမ်းအင်ကဏ္ဍ၌ တက်ကြွစွာ အသွင်ကူးပြောင်းလျက်ရှိကြောင်း ဗီယက်နမ် သဘာဝနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ အမှုဆောင်ကော်မတီဝင် Hoang Quoc Dung က ပြောကြားခဲ့သည်။

ထို့ပြင် နည်းပညာမြင့်မားသော ကုန်ထုတ်လုပ်မှု၊ အချက်အလက်စင်တာများနှင့် e-commerce နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများက ဗီယက်နမ်-တရုတ် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးအတွက် မောင်းနှင်အားအသစ်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ ယင်းသည် လီနှင့် ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင်းချင်တို့ တွေ့ဆုံစဉ်က ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကတိကဝတ်ပြုခဲ့ခြင်းကို သွယ်ဝိုက်ရည်ညွှန်းနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုကဲ့သို့ ထွန်းသစ်စ နယ်ပယ်များတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟု အောက်တိုဘာ ၁၃ ရက်၌ လီနှင့်တွေ့ဆုံစဉ် ဖမ်မင်းချင်က ထပ်လောင်းကတိပြုခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ဗီယက်နမ်နှင့်အတူ ချိန်ညှိလုပ်ဆောင်ခြင်းအား အခိုင်အမာဆောင်ရွက်ကာ ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်အား ဗီယက်နမ်၏ စင်္ကြံနှစ်ခု၊ စီးပွားရေးအသိုင်းအဝိုင်းတစ်ခု မဟာဗျူဟာနှင့် ပေါင်းစပ်ညှိနှိုင်းမည့် စီမံချက်ကို အကောင်အထည်ဖော်မည်ဟု ဝန်ကြီးချုပ် လီချန်က ကတိပြုခဲ့သည်။

တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံလုံးမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကာ မိမိတို့၏ ခေတ်မီအသွင်ပြောင်း‌ရေး ကြိုးပမ်းမှုတွင် အလွန်အရေးပါသောအဆင့်၌ ရှိနေသည်ဟု လီက ပြောကြားခဲ့ပြီး ကဏ္ဍအသီးသီးတွင် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် တိုးမြှင့်ကာ အဆင့်မြှင့်တင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

ကွန်ရက်ချိတ်ဆက်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေး စသည့် နယ်ပယ်များတွင် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ကာ ကုန်သွယ်မှုတွင် သက်ဆိုင်ရာ နိုင်ငံသုံးငွေကြေးများဖြင့် ငွေပေးချေမှု၊ အထူးသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှု စသည့် ထွန်းသစ်စ လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်လည်း တရုတ်နိုင်ငံက အသင့်ရှိပါကြောင်း လီက ဆိုသည်။

မဟာဗျူဟာအရ အရေးပါမှုရှိကာ ကြီးမားသော အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ခြင်းသည် တရုတ်နိုင်ငံက ထူးထူးကဲကဲ သာလွန်လျက်ရှိကာ ဗီယက်နမ်နိုင်ငံက အရေးတကြီးလိုအပ်နေသော နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ပေးလျက်ရှိသည်ဟု Banking Academy of Vietnam တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သူ Do Thi Thu က မှတ်ချက်ပြုပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူး‌ပေါင်းဆောင်ရွက်မှုက တရုတ်-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု၏ အရေးအပါဆုံးသော အရာအဖြစ်လည်းကောင်း၊ နှစ်နိုင်ငံဆက်ဆံရေးအား တစ်ဆင့်တိုး၍ မြှင့်တင်ရန်အတွက် အရေးပါသော မောင်းနှင်အား အရင်းအမြစ်တစ်ခုအဖြစ်လည်းကောင်း အစဉ်အမြဲရှိနေသည်ဟု ဝန်ကြီးချုပ်နှစ်ဦးအပြင် တရုတ်နှင့် ဗီယက်နမ်တို့မှ စီးပွားရေးလုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည့် သီးသန့်ဆွေးနွေးပွဲအတွင်း လီက ပြောကြားခဲ့သည်။

အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများတွင် ပိုမိုတက်ကြွထက်သန်စွာ ပါဝင်ရန်၊ နိုင်ငံစုံနှင့် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ၊ မူဝါဒရေးရာ အကျိုးကျေးဇူးများကို အပြည့်အဝအသုံးချရန် လီက စီးပွားရေးလုပ်ငန်းရှင်များကို တိုက်တွန်းခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စက်မှုလုပ်ငန်းများ၏ တစ်ပေါင်းတစ်စည်းတည်း တိုးတက်ဖြစ်ထွန်းမှုကို အတူတကွ အားပေးမြှင့်တင်ရေး၊ ဝယ်လိုအားနှင့် ရောင်းလိုအား အပြန်အလှန် ပေါင်းစည်းမှုကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရေး၊ တည်ငြိမ်၍ လွယ်ကူချောမွေ့သော နယ်စပ်ဖြတ်ကျော် စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ တည်ဆောက်ရေးအတွက်လည်း လီက အဆိုပြုခဲ့သည်။
နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအသစ်များကို အတူတကွ အားပေးမြှင့်တင်ကာ ခိုင်မာအောင်လုပ်ဆောင်ရန်အတွက် သန့်စင်စွမ်းအင်၊ ဇီဝဆေးပညာနှင့် ဉာဏ်ရည်တုနည်းပညာ ကဏ္ဍတို့အား အဓိကအာရုံစိုက်လျက် ဆန်းသစ်မှုနှင့် တီထွင်ဖန်တီးမှုတို့တွင် စုပေါင်းပါဝင်ကာ စက်မှုလုပ်ငန်း၊ ပညာရေး၊ သုတေသနနှင့် လက်တွေ့အသုံးချရေးတို့တွင် ကွင်းဆက်တစ်ခုလုံးအား ဆန်းသစ်ပြောင်းလဲရာ၌ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်ခိုင်မာမာလုပ်ဆောင်ရန်လည်း လီက စီးပွားရေးလုပ်ငန်းရှင်များအား တိုက်တွန်းခဲ့သည်။

ဗီယက်နမ်-တရုတ် ချစ်ကြည်ရေးအသင်း၏ အဖွဲ့ဝင်၊ ဟနွိုင်းတက္ကသိုလ် တရုတ်ရေးရာ လေ့လာရေးဌာနမှ အငြိမ်းစား ပါမောက္ခဖြစ်သူ Nguyen The Su က ဗီယက်နမ်သို့ ပထမဆုံး တရားဝင်ခရီးစဉ်ဖြစ်သည့် လီ၏ ခရီးစဉ်အား ချီးကျူးဂုဏ်ပြုခဲ့ကာ ထိုခရီးစဉ်သည် နှစ်နိုင်ငံနှင့် ပါတီနှစ်ရပ်၏ ထိပ်တန်းခေါင်းဆောင်များအကြား ရရှိခဲ့သည့် အရေးပါသော တူညီဆန္ဒများကို အကောင်အထည်ဖော်ရာတွင် ခိုင်မာသော ခြေလှမ်းတစ်ရပ် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြားက မဟာဗျူဟာပိုင်းဆိုင်ရာ ယုံကြည်မှုကို ထိထိရောက်ရောက် ခိုင်မာအားကောင်းစေခဲ့သလို ပူးပေါင်းဆောင်ရွက်နေတဲ့ အဓိကစီမံကိန်းတွေကို ဆက်လက်ဖော်ဆောင်ရာမှာလည်း လွယ်ကူချောမွေ့စေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————
(English Version)
Chinese premier stresses cooperation with Vietnam in emerging industries
HANOI, Oct. 14 (Xinhua) — During his official visit to Vietnam, Chinese Premier Li Qiang highlighted a commitment to deepen collaboration with the Southeast Asian nation in emerging industries ranging from green development to digital economy.
China is willing to continue to make bigger the pie of economic and trade cooperation with Vietnam, said Li during talks with To Lam, general secretary of the Communist Party of Vietnam Central Committee and Vietnamese president on the first day of his three-day visit from Saturday to Monday.
When meeting with Tran Thanh Man, chairman of the National Assembly of Vietnam, the Chinese premier said the two countries’ legislatures should strongly support practical cooperation in various fields and focus more on innovation.
He urged legal guarantees from both sides to strengthen cooperation in emerging industries such as digital economy, new energy and 5G.