Politics, Law & Military
ကျွန်းကုန်းကျေးရွာအပေါ်သို့ လေယာဉ်ပျက်ကျမှုမရှိစေရန် ဆောင်ရွက်ခဲ့သော လေသူရဲအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီးကျူးဂုဏ်ပြု
ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
ကျွန်းကုန်းကျေးရွာအပေါ်သို့ လေယာဉ်ပျက်ကျမှုမရှိစေရန် ဆောင်ရွက်ခဲ့သော လေသူရဲအား ဗိုလ်မှူး အာကာဝင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးဂုဏ်ပြုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် ဧပြီ ၃ ရက် နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် လေယာဉ်လေ့ကျင့်ပျံသန်းမှုစတင်ခဲ့ပြီး ၁၀ နာရီ ၄၄ မိနစ်တွင် လေယာဉ်ပြန်လည်ဆင်းသက်ရန်အတွက် လေကြောင်းထိန်းတာဝါသို့ သတင်းပို့ခဲ့ကာ လေယာဉ်ဆင်းပတ်လမ်းအတွင်းသို့ ချဉ်းကပ်ဝင်ရောက်စဉ် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့သဖြင့် အင်ဂျင်စက်ရပ်တန့်မှုဖြစ်ပွားခဲ့ကြောင်း လေကြောင်းထိန်းတာဝါသို့ ၁၀ နာရီ ၄၅ မိနစ်တွင် ထပ်မံသတင်းပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ဖြစ်ပွားချိန်တွင် အနောက်မှ မောင်းနှင်လိုက်ပါ လာသော အက်ဖ် – ၇ လေ့ကျင့်ရေး လေယာဉ်တစ်စီးရှိ ဝါရင့်လေသူရဲတစ်ဦးက (Air Start) (လေထဲတွင် စက်နှိုးခြင်း) ပြုလုပ်ရန် နှင့် စက်မနိုးပါက လုပ်ဆောင်သင့်သည်များကို လုပ်ဆောင် သွားရန် ညွှန်ကြားခဲ့ကြောင်း၊ လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းသည် ၎င်းနေရာမှ ၃၀ စက္ကန့်အထိ လေယာဉ်စက်ပြန်နိုးရန် ကြိုးစား ခဲ့သော်လည်း စက်နိုးခြင်းမရှိသဖြင့် အမြင့်မီတာ ၃၀၀ နှင့် ပျံသန်းနှုန်း ၁ နာရီ ၃၂၀ ကီလိုမီတာနှုန်း သို့ရောက်ရှိချိန်တွင် အရေးပေါ် အသက်ကယ်လေထီးပါထိုင်ခုံဖြင့် ခုန်ထွက်မည်ဖြစ်ကြောင်း တာဝါသို့ထပ်မံ သတင်းပို့ခဲ့ကြောင်း သိရသည်။
မျက်မြင်စစ်ဆေးချက်များနှင့် ကျွန်းကုန်းကျေးရွာမှ ကျေးရွာသားအချို့၏ မျက်မြင်တွေ့ရှိပြောကြားချက် များအရ ၎င်းနေရာသည် အင်ဒိုင်းရွာအထက် အမြင့်မီတာ ၃၀၀ ခန့်တွင် ရောက်ရှိနေပြီး လေယာဉ်၏ ဦးတည်ရာအရပ်မှာ ကျွန်းကုန်းရွာသို့ ဦးတည်လျက်ရှိကြောင်း တွေ့ရပြီး ထိုအချိန်တွင် အရေးပေါ် လေထီးဖြင့် ခုန်ထွက်မည်ဆိုပါက လေသူရဲတစ်ဦးအတွက် လုံလောက်သည့် အချိန်နှင့် အမြင့်ပေတွင် ရှိ နေနိုင်ပြီး အသက်အန္တရာယ်လွတ်ကင်းနိုင်သည့် အခြေအနေရှိကြောင်းတွေ့ရှိရသော်လည်း အသက်ကယ် လေထီးပါထိုင်ခုံ၏ တွန်းကန်အားကြောင့် လေယာဉ်ပေါ် ဖိအားသက်ရောက်စေ၍ ကျွန်းကုန်းရွာအတွင်းသို့ လေယာဉ်ပျက်ကျနိုင်သည့် အနေအထားတွင်ရှိကြောင်းတွေ့ရှိကြောင်း၊ လေသူရဲ ဗိုလ်မှူး အာကာဝင်း သည် ၎င်းနေရာတွင် အရေးပေါ်ခုန်ထွက်ခြင်းကို ပြုလုပ်ခဲ့ခြင်းမရှိဘဲ လေယာဉ်အား ကြိုးစား၍ ဆက်လက် ထိန်းသိမ်း ခဲ့ပြီး ကျွန်းကုန်းရွာအလွန် မြေပြင်မှအမြင့်ပေ ၃၀ မီတာခန့် ရောက်ရှိချိန်မှာသာ အရေးပေါ်ခုန်ထွက်ခြင်း ပြုလုပ် ခဲ့ကြောင်းတွေ့ရှိရကြောင်း သိရသည်။
မိမိအသက်ရှင်လွတ်မြောက်ရေးကို ပဓာနမထားဘဲ ကျွန်းကုန်းရွာ အပေါ် လေယာဉ်ပျက်ကျမှု မရှိစေရေး လေယာဉ်အားအတတ်နိုင်ဆုံး ထိန်းကျောင်းမောင်းနှင်ခဲ့စဉ် အသက်ဆုံးရှုံးခဲ့ရသည့် လေသူရဲဖြစ်သူ ဗိုလ်မှူးအာကာဝင်း အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချီးကျူး ဂုဏ်ပြုခဲ့ကြောင်းနှင့် လိုအပ်သည်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)