Asia
ဗီယက်နမ်နိုင်ငံ၌ ကုန်တင်တွဲကားက ဆိုင်ကယ်အများအပြားကိုဝင်တိုက် ၆ ဦးသေ ၊ ၂၂ ဦး ဒဏ်ရာရ
ဟိုချီမင် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ တောင်ပိုင်း လုံအန်(Long An) ဒေသတွင် ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းက ယာဉ်သွားလမ်းပေါ်ရှိ မီးပွိုင့်တစ်ခု မီးနီစဉ် ကားအရှိန်သတ်ရာမှ ကုန်တင်တွဲယာဉ်တစ်စီးသည် ဆိုင်ကယ် အစီး ၂ဝ ခန့်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး အခြား ၂၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာကဖော်ပြခဲ့သည်။
အဆိုပါယာဉ်မတော်တဆမှုသည် နိုင်ငံ၏ အမှတ် 1A လမ်းမကြီးပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်တင်တွဲကားတစ်စီး နှင့် ဆိုင်ကယ် ၁၈ စီးတို့ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ အချင်းဖြစ်နေရာ၌ လူ ၅ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ၊အခြားဒဏ်ရာရသူ ၂၃ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် ၎င်းတို့အနက် တစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအမျိုးသားအသံလွှင့်ဌာန(VOV) က ဆိုသည်။
ဗီယက်နမ်နိုင်ငံ၌ ဇန်နဝါရီ ၂ ရက်က ဖြစ်ပွားခဲ့သော ဆိုင်ကယ်တိုက်မှုမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ၌ ကုန်တင်တွဲယာဉ် နှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများကို ဆေးရုံ၌ တွေ့ရစဉ်(ဆင်ဟွာ)
ဆိုင်ကယ်မောင်းသမား ၁၇ ဦး နှင့် လိုက်ပါစီးနင်းသူများကို ဆေးရုံသို့ပို့ဆောင်၍ ဆေး ကုသမှုပေးထားကြောင်း ပြည်နယ်ပို့ဆောင်ရေးတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ VnExpress အွန်လိုင်းသတင်းစာမျက်နှာက ဇန်နဝါရီ ၂ ရက် မွန်းလွဲပိုင်းတွင် ဖော်ပြခဲ့သည်။
ကုန်တင်တွဲယာဉ်သည် မီးနီဖြတ်မောင်းစဉ် ဆိုင်ကယ် အစီး ၂ဝ နီးပါးကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကဆိုသည်။
၂ဝ၁၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ယာဉ်မတော်တဆမှုပေါင်း ၁၈,၂၃၂မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၈,၁၂၅ ဦးသေဆုံးခဲ့ရကြောင်း ၊ အခြား ၅၁၂၄ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း နှင့် အသေးစားဒဏ်ရာရသူ ၉,၀၇၀ ဦးရှိကြောင်း ဗီယက်နမ်နိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနက ဇန်နဝါရီ ၂ ရက်တွင်ပြောကြားခဲ့သည်။(Xinhua)