Media
မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပဲတီစိမ်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁၅ သန်းကျော် ရရှိ
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လ) အတွင်း ပဲတီစိမ်းတန်ချိန် ၃၅၅,၂၂၅ ကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁၅ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ဧပြီ ၂၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံက ပဲတီစိမ်း တန်ချိန် ၆၀၀,၆၃၃ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၂၅ သန်းကျော် ဝင်ငွေရရှိခဲ့သောကြောင့် ၎င်းနှင့် နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ လျော့နည်းသွားခဲ့ကြောင်း သိရသည်။
ပဲတီစိမ်းတင်ပို့မှုမြှင့်တင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) ကို ကျင့်သုံးလျက်ရှိကြောင်း၊ ယင်းစနစ်သည် ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို အထောက်အကူပြုခြင်း၊ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ အသုံးပြုမှုကို လျှော့ချခြင်းနှင့် အစားအစာ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများကို အာမခံနိုင်ခြင်းတို့ ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲတီစိမ်းများကို ပဲတီစိမ်းဝယ်ယူသည့် အဓိကဈေးကွက်များဖြစ်သော တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသည် နံပါတ်တစ်နှင့် အကြီးဆုံး ပဲတီစိမ်းဝယ်ယူသူအဖြစ် ဆက်လက်ရပ်တည်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် ဥရောပဈေးကွက်များဖြစ်သော အထူးသဖြင့် နယ်သာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ်တို့သည်လည်း မြန်မာ့ပဲတီစိမ်းကို အဓိကဝယ်ယူသည့်နိုင်ငံများထဲတွင် ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
