Connect with us

Science & Technology

တရုတ် နိုင်ငံက အဓိက လေအား လျှပ်စစ် စီမံကိန်း တည်ဆောက်ရေး စတင်

တရုတ်နိုင်ငံ ဖူကျင့် ပြည်နယ်ရှိ လေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဖူကျင့် ပြည်နယ် ကမ်းရိုးတန်း ကျွန်းတစ်ကျွန်းပေါ်တွင် နိုင်ငံ၏ အကြီးဆုံး လေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းအား စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း ဒေသခံ အာဏာပိုင်များက ဒီဇင်ဘာလ ၄ ရက်နေ့က ပြောကြားခဲ့သည်။

နန်ရိကျွန်း၊ ဖူးထရန် မြို့ပေါ်ရှိ အဆိုပါ လေအား လျှပ်စစ် စီမံကိန်း အား လျှပ်စစ်ဓါတ်အား ၄၀၀,၀၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်ရန် ဒီဇိုင်း ရေးဆွဲထားကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်မည့် အဆိုပါ စီမံကိန်းသည် တစ်နှစ်လျှင် လျှပ်စစ်ဓါတ်အား ၁.၄ ဘီလီယံ ကီလိုဝပ် နာရီ ထုတ်လုပ် ပေးနိုင်မည် ဖြစ်ကြောင်း၊ ယင်းပမာဏသည် အခြား ကျောက်မီးသွေး ၄၅၀,၀၀၀ တန် ကို လောင်ကျွမ်း၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရမှု နှင့် ညီမျှကာ အပူစွမ်းအင် လည်ပတ်မှု အသုံးပြုရမည့် ရေ တန်ချိန် ၄.၄ သန်း ချွေတာနိုင်မည် ဖြစ်ကြောင်း သိရသည်။

လေအားလျှပ်စစ် ထုတ်လုပ်ရေးမှ ပုံမှန် လျှပ်စစ် ဓါတ်အား ကို ၂၀၀၅ ခုနှစ်မှ စ၍ ကျွန်းပေါ်၌ နေထိုင်ခဲ့ကြသော လူဦးရေ ၅၀,၀၀၀ အတွက် ထောက်ပံ့ပေး နိုင်ခဲ့သည်။ အဆိုပါ ကျွန်းသည် ဟာရီကိန်းနှင့် တိုင်ဖုန်း မုန်တိုင်းများ တိုက်ခိုက်မှုကို ခံရလေ့ရှိပြီး ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် ရက်ပေါင်း ၃၂၀ လေပြင်းထန်သော ရာသီဥတု ရှိကြောင်းသိရသည်။

တရုတ် နိုင်ငံသည် ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး လုပ်ငန်းအား လျှော့ချပြီး ဇီဝလောင်စာ၊ ဘူမိ အပူစွမ်းအင်၊ နေရောင်ခြည် စွမ်းအင်၊ လေစွမ်းအင် နှင့် ရေအား အသုံးပြု လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးများနှင့် အစားထိုး လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်မှ လျှပ်စစ် ဓါတ်အား ၃၅ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းပမာဏသည် အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ် သုံးနိုင်ငံတို့၏ စုစုပေါင်း ထုတ်လုပ်မှု ထက်ပင် ကျော်လွန်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117