Connect with us

Politics, Law & Military

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) တောင်ငူ- လွိုင်ကော် ကားလမ်းမ၌ ကျပ် သိန်းပေါင်း ၂သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တောင်ငူမြို့အတွင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံအားတွေ့ရစဉ်(ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) တောင်ငူ- လွိုင်ကော် ကားလမ်းမပေါ်တွင် ယနေ့(ဇူလိုင် ၁ ရက်) နံနက် ၅နာရီဝန်းကျင်တွင် ကျပ် သိန်းပေါင်း ၂သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားခံ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးများကို လွိုင်ကော်ဘက်မှ တောင်ငူဘက်သို့ သယ်ဆောင်လာကြောင်း သတင်းအရ အမှတ်(၃)နယ်မြေရဲစခန်း အရှေ့တွင် ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ပိတ်ဆို့ရှာဖွေစစ်ဆေးရေး ဆောင်ရွက်နေစဉ် လွိုင်ကော်ဘက်မှ တောင်ငူဘက်သို့ မောင်းနှင်လာသော BGO 2Q-XXXX အဖြူရောင် HYUNDAI PORTER-II SUPER အမျိုးအစား (အလုံပိတ်) ကုန်ချိန် (၁)တန်ခွဲ (၆)ဘီးသေး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ချပ်ဖာစက္ကူပုံးအတွင်း ပလပ်စတစ် အမဲရောင်အား တိပ်ဝါဖြင့် ပိတ်ထားသည့် မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် ဘိန်းဖြူဟု ယူဆရသော တစ်ထုပ်လျှင် ဆပ်ပြာခွက် (၁၁)ခွက်ပါ ပါကင်အထုပ်ရေ (၁၇၀)ထုပ်၊ စုစုပေါင်းရောင်စုံဆပ်ပြာခွက်ရေ (၁၈၇၀ ) ခွက် ၊ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းပေါင်း ( ၁၈၇၀၀ိ/- )တန်ဖိုးနှင့် တိပ်ဝါပတ်၍ ပလပ်စတစ် အကြည်ဖြင့် ထုတ်ပိုးထားသည့် (၁)ထုပ်လျှင် (၉၅)ကျပ်သားခန့် ဘိန်းစိမ်းဟု ယူဆရသော အထုပ်(၁၇)ထုပ်၊ ပလပ်စတစ်အကြည်အား တိပ်အကြည်ဖြင့် ထုပ်ပိုးထားသည့် (၁)ထုပ်လျှင် (၉၅)ကျပ်သားခန့် ဘိန်းစိမ်းဟု ယူဆရသော အထုပ်(၁၆)ထုပ်၊ စုစုပေါင်း ( ၃၃ )ထုပ်၊ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်းပေါင်း ( ၁၄၁၀ိ/- )တန်ဖိုးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် ယာဉ်မောင်း အား တောင်ငူမြို့၊ အမှတ်(၃)နယ်မြေရဲစခန်း မယ (ပ)၄ / ၂၀၁၉ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က) / ၂၀ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။(Xinhua)