Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က COVID အလွန်ခေတ် ကုလသမဂ္ဂ၏ အခန်းကဏ္ဍတွင် တစ်ဖက်သတ်ဝါဒနှင့် “ကမ္ဘာ့ဥသျှောင်” သဖွယ် ပြုမူခြင်းကို ဆန့်ကျင်ကြောင်း ရှင်းလင်းပြောကြား

၇၅ နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၌ ကျင်းပသည့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သစက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID ကပ်ရောဂါ အလွန်ခေတ် ကုလသမဂ္ဂ၏ အခန်းကဏ္ဍတွင် တစ်ဖက်သတ်ဝါဒပြုကျင့်ခြင်း ၊ အနိုင်ကျင့်ဗိုလ်ကျခြင်းနှင့် “ကမ္ဘာ့ဥသျှောင်” ကဲ့သို့ပြုမူသော မည်သည့်နိုင်ငံကိုမဆို ဆန့်ကျင်ကြောင်း ၎င်း၏အတွေးအမြင်နှင့်ပတ်သက်၍ စက်တင်ဘာ ၂၁ ရက်တွင် ရှင်းလင်း ဝေမျှခဲ့ကြောင်း သိရသည်။

သမ္မတ ရှီသည် ၇၅ နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပသည့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် တရားမျှတမှုအတွက် အခိုင်အမာရပ်တည်သွားရမည်ဖြစ်ကြောင်း အလေးထားလျက် မည်သည့်နိုင်ငံကမှ ကမ္ဘာ့ရေးရာတွင် လွှမ်းမိုးရန်၊ အခြားနိုင်ငံများ၏ ကံကြမ္မာကို ထိန်းချုပ်ရန် သို့မဟုတ် ဖွံ့ဖြိုးတိုးတက်မှု အကျိုးကျေးဇူးများအားလုံးကို ၎င်းတို့အတွက် ထိန်းသိမ်းထားရန် အခွင့်မရှိကြောင်း ရှီက ထည့်သွင်း ပြောကြားခဲ့သည်။

“မည်သူကမျှ ဗိုလ်ကျလွှမ်းမိုးတာ၊ အနိုင်ကျင့်စိုးမိုးတာ ဒါမှမဟုတ် ကမ္ဘာ့ဥသျှောင်သဖွယ် ပြုမူတာကို ခွင့်ပြုထားတာမျိုးမရှိပါဘူး” ဟု ရှီက ဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုခြင်းနှင် အသံများ များပြားလာခြင်းသည် အရေးကြီးကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ကမ္ဘာပေါ်ရှိ အဓိကနိုင်ငံများ၏ အကျိုးစီးပွားများနှင့် ဆန္ဒများ သက်ရောက်မှုတွင် ပိုမို၍ ချိန်ညှိသင့်ကြောင်း ရှီက ပြောခဲ့သည်။
ထို့ပြင် ရှီက ကုလသမဂ္ဂအနေဖြင့် တရားဥပဒေစိုးမိုးရေးကို စောင့်ထိန်းရမည် ဖြစ်ကြောင်း နိုင်ငံများနှင့် ၎င်းတို့၏ အကျိုးစီးပွားကို ညှိနှိုင်းဆောင်ရွက်မှုများအကြား ဆက်ဆံရေးသည် ဥပဒေများနှင့် ထုံးတမ်းဓလေ့များအပေါ်သာ အခြေခံထားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“အခြားသူတစ်ဦးကို ပြင်းပြင်းထန်ထန် ထိုးနှက်တဲ့ ဘယ်သူမဆို မင်းမူလို့ရမှာမဟုတ်ပါဘူး” ဟု ရှီက ထည့်သွင်းပြောခဲ့သည်။ နိုင်ငံကြီးများအနေဖြင့် နိုင်ငံတကာ ဥပဒေစိုးမိုးရေးကို ထောက်ခံခြင်းနှင့် ထိန်းသိမ်းခြင်း၊ ၎င်းတို့၏ ကတိကဝတ်များကို ဂုဏ်ပြုခြင်းများ၌ ဥပမာကောင်းများဖြင့် ဦးဆောင်သွားသင့်ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။
ကုလသမဂ္ဂအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ “စစ်အေးတိုက်ပွဲ သဘောထား၊ အနိုင်အရှုံးမပေါ်သောကစားပွဲများသည် နိုင်ငံတစ်နိုင်ငံ၏ ပြဿနာများကို အဖြေရှာပေးခြင်းမဟုတ်ကြောင်း၊ လူသားမျိုးနွယ်၏ ဘုံစိန်ခေါ်မှုများကို အဖြေပေးနိုင်မည်မဟုတ်ကြောင်း” သမ္မတ ရှီက ပြောခဲ့သည်။

“ကျွန်တော်တို့ ဘာလုပ်ဖို့လိုတာလဲဆိုတော့ ပဋိပက္ခတွေကို ဆွေးနွေးမှုတွေနဲ့၊ အကျပ်ကိုင်မှုတွေကို ညှိနှိုင်းမှုတွေနဲ့ အနိုင်အရှုံးမပေါ်တာတွေကို နှစ်ဦးနှစ်ဘက်အကျိုးရှိတာတွေနဲ့ အစားထိုးဖို့ပါပဲ” ဟု ရှီက ဖြည့်စွက်ပြောခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂအနေဖြင့် အစစ်အမှန်လုပ်ဆောင်မှုပေါ်တွင်သာ အာရုံစိုက်ရမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
“နိုင်ငံစုံပါဝင်ရေး စည်းမျဉ်းကို ကျင့်သုံးရာမှာ ကျွန်တော်တို့အနေနဲ့ ပြောနေရုံနဲ့မပြီးပါဘူး။ အရေးယူလုပ်ဆောင်ရမှာပါ။ ကုထုံးတစ်ခုအနေနဲ့သာမဟုတ်ဘဲ ပျောက်ကင်းအောင် ဆေးကုသရမှာဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။
ကုလသမဂ္ဂအနေဖြင့် ပြဿနာအဖြေရှာခြင်းအပေါ် ရည်ရွယ်ထားသင့်ပြီး လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးများကို ပြိုင်တူထားကာ ရလဒ်အမှန်တကယ် ထွက်ပေါ်လာစေရန် ဦးတည်ပြောင်းလဲသင့်ကြောင်းလည်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။

အကယ်စင်စစ် ပြည်သူ့ကျန်းမာရေးကဲ့သို့ သမားရိုးကျမဟုတ်သော လုံခြုံရေးစိန်ခေါ်မှုများကို ကိုင်တွယ်ရာတွင် ဦးစားပေးသင့်သည်ဟု ရှီက ဆိုသည်။
အစည်းအဝေး၌ ရှီက နှစ်ပေါင်း ၇၅ နှစ်အတွင်း ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ချီးကျူးခဲ့ပြီး ထူးခြားသောခရီးကို ဖြတ်သန်းခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
နှစ်ပေါင်း ၇၅ နှစ်ဟူသည်မှာ လူ့အဖွဲ့အစည်းတွင် လက်တွေ့ကျသောတိုးတက်မှု၊ နိုင်ငံတကာ အခြေအနေတွင်လည်း လေးနက်သော ပြောင်းလဲမှုများကို မြင်တွေ့ခဲ့ရပြီးဖြစ်သလို နိုင်ငံစုံပါဝင်သောဝါဒ လျင်မြန်စွာတိုးတက်မှု၏ အချိန်ကာလတစ်ခုလည်း ရောက်ရှိပြီဖြစ်ကြောင်း ရှီက ထည့်သွင်းပြောခဲ့သည်။

ထို့ပြင် ရှီက တရုတ်နိုင်ငံသည် နိုင်ငံတကာရေးရာတွင် ကုလသမဂ္ဂ၏ အချက်အချာကျသော အခန်းကဏ္ဍကို အခိုင်အမာကာကွယ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကုလဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေက ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံတကာအစီအစဉ်ကို ထိန်းသိမ်းလျက်ရှိကြောင်းလည်း ရှီက ထည့်သွင်းပြောခဲ့သည်။
ထို့နောက် ရှီက ၎င်း၏ မှတ်ချက်အဆုံးမသတ်မီ “ကျွန်တော်တို့အနေနဲ့ နိုင်ငံစုံပါဝင်ရေးဝါဒရဲ့ ခိုင်မာတဲ့ ကတိကဝတ်ကို အသစ်ပြန်စပြီး အေးအတူ၊ ပူအမျှ လူသားမျိုးနွယ်အသိုက်အဝန်းတစ်ခု မြှင့်တင်ရေး လုပ်ဆောင်ကြပါစို့” ဟူ၍ ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.