Connect with us

WORLD

ဂျာမနီနိုင်ငံ Bosch ကုမ္ပဏီက ၃၉ မိနစ်အတွင်း COVID-19 ရောဂါ ရှိမရှိ အလိုအလျောက်စစ်ဆေးမှု တီထွင်

ဂျာမနီနိုင်ငံ Iserlohn မြို့ရှိ ရောဂါစစ်ဆေးရေးစခန်းတွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက COVID-19 ရောဂါစစ်ဆေးမှု နမူနာကို ယာဉ်မောင်တစ်ဦးထံမှ ရယူနေစဉ် (ဆင်ဟွာ)

ဘာလင်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ အင်ဂျင်နီယာပညာနှင့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Bosch က COVID-19 ရောဂါရှိမရှိကို အပြည့်အဝ အလိုအလျောက်စစ်ဆေးပေးနိုင်ပြီး အချိန် ၃၉ မိနစ်အတွင်း “စိတ်ချရသော အဖြေ” ထုတ်ပေးနိုင်သည့် စစ်ဆေးမှုကို တီထွင်ခဲ့ကြောင်း ကုမ္ပဏီက စက်တင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရာမှာ အဓိကအချက်တွေထဲက တစ်ခုကတော့ ရောဂါကူးစက်မှု အရင်းအမြစ်တွေကို လျင်မြန်စွာဖော်ထုတ်ဖို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုကို ပိုပြီးမြန်အောင်လို့ အလေးထားဆောင်ရွက်ခဲ့ရတာပါပဲ” ဟု Bosch ၏ အမှုဆောင်အရာရှိချုပ် Volkmar Denner က သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

Bosch ကုမ္ပဏီက မတ်လတွင် အချိန် ၂ နာရီခွဲအတွင်း အလျင်အမြန် ရောဂါရှာဖွေပေးနိုင်သော ပထမဆုံး အလိုအလျောက် COVID-19 စစ်ဆေးမှုကို ဆရာဝန်များ၏ ရုံးခန်းများ၊ ဆေးရုံများ၊ ဓာတ်ခွဲခန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုစင်တာများတွင် ကူညီရန် ထုတ်လုပ်ခဲ့သည်။
Bosch ၏ အဆိုအရ အဆင့်မြှင့်တင်ထားသော ရောဂါစစ်ဆေးမှုအသစ်သည် လက်ရှိတွင် ကမ္ဘာပေါ်ရှိ အမြန်ဆုံး polymerase chain reaction (PCR) စစ်ဆေးမှုဖြစ်ပြီး အမြန်လမ်းရှိ ဝန်ဆောင်မှုစခန်းများ သို့မဟုတ် လေဆိပ်များရှိ ရွေ့လျားရောဂါစစ်ဆေးမှုစင်တာကဲ့သို့သော နေရာများတွင် အသုံးပြုရန်စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် အမြန်ဆုံးနှင့် ယုံကြည်စိတ်ချရသော PCR စစ်ဆေးမှုအဖြစ် CE အမှတ်အသားဖြင့် ဥရောပသမဂ္ဂမှ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ “ဒီစစ်ဆေးမှုက အသွားအလာကန့်သတ်စောင့်ကြည့်တဲ့အချိန်လျော့သွားအောင် ကူညီပေးနိုင်သလို ခရီးသွားလာမှုနဲ့ လုပ်ငန်းခွင်ကိုလည်း ထပ်ပြီးလုံခြုံစိတ်ချမှုရှိစေပါတယ်” ဟု Bosch ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်က ဆင်ဟွာသို့ ပြောခဲ့သည်။

ရောဂါစစ်ဆေးမှုအသစ်သည် အသုံးပြုရလွယ်ကူကြောင်း Bosch က အလေးထားပြောခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ယင်းစနစ်ကိုအသုံးပြုရန် လေ့ကျင့်မှုအနည်းငယ်ကိုသာ လိုအပ်သည်ဟု ဆိုသည်။ လူနာ၏ နှာခေါင်း သို့မဟုတ် အာခေါင်မှ တို့ဖတ်ရယူပြီး ရောဂါစစ်ဆေးသည့်ကိရိယာထဲသို့ ထည့်လိုက်ခြင်းဖြင့် အလိုအလျောက် စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.