WORLD
သီရိလင်္ကာနိုင်ငံတွင် လူအစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပြီးနောက် COVID-19 လူနာအရေအတွက် မြင့်တက်
ကိုလံဘို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုပြင်ပတွင် လူအစုလိုက်အပြုံလိုက် ကူးစက်မှုမှ လူနာအသစ် ၁၀၀ ကျော်ရှိလာပြီးနောက် အောက်တိုဘာ ၅ ရက်တွင် ရောဂါဖြစ်ပွားသူဦးရေ ၃,၅၀၀ သို့ရောက်ရှိသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါ လူအစုလိုက်ကူးစက်မှုသည် ဂမ်ပါဟာခရိုင်၊ Minuwangoda မြို့ရှိ အသက် ၃၉ နှစ်အရွယ် အထည်ချုပ်အလုပ်သမားတစ်ဦးနှင့် ၎င်း၏ ၁၆ နှစ်အရွယ် သမီးတစ်ဦးထံတွင် ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိပြီးနောက် လူရာပေါင်းများစွာ အသွားအလာကန့်သတ်စောင့်ကြည့်မှုလုပ်ဆောင်ခဲ့ပြီးနောက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၅ ရက် ညနေပိုင်းအထိ ၎င်းတို့၏ PCR စစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှုတွင် လူနာအသစ် ၁၀၁ ဦး ရှိခဲ့ကြောင်း အစိုးရ ပြန်ကြားရေးဌာနက ပြောခဲ့သည်။
ရောဂါဖြစ်ပွားသူအသစ် အများစုသည် ကိုလံဘိုမြို့ ပြင်ပရှိ အမျိုးသား ကူးစက်ရောဂါဆေးရုံ၌ တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများကို နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး တစ်မီတာ အကွာအဝေး၌ နေထိုင်ခြင်း အပါအဝင် ကျန်းမာရေးလမ်းညွှန်ချက်များကို တင်းကြပ်စွာ လိုက်နာရန် တိုက်တွန်းထားသလို နောက်ထပ် ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကို ကာကွယ်ရန် ဂမ်ပါဟာခရိုင်ရှိ ဒေသများတွင် အောက်တိုဘာ ၄ ရက်က ညမထွက်ရအမိန့်ကြေညာခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် မတ်လက ပထမဆုံးရောဂါဖြစ်ပွားမှုတွေ့ရှိခဲ့ချိန်မှစ၍ သေဆုံးသူ ၁၃ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)