Politics, Law & Military
ရှမ်းပြည် မြောက်ပိုင်း ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေး နှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများ အမြန်ဆုံး ဖြေရှင်း ပေးနိုင်ရေး အရေးကြီး အဆိုအား အတည်ပြု
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ကျောက်မဲ မြို့နယ်ဒေသအတွင်း ဖြစ်ပွား နေသော တိုက်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူမှု ဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များ အားလုံးအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအား ယနေ့ဖေဖော်ဝါရီ ၁၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
ထိုအရေးကြီး အဆိုအား ကျောက်မဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲ မြို့နယ် ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများ ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေး နှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရ ၊ ရှမ်းပြည်နယ် အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးတို့အား တိုက်တွန်းကြောင်း ယမန်နေ့ဖေဖော်ဝါရီ ၁၆ ရက် လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီးနောက် ဆက်လက် ဆွေးနွေးရန် ထောက်ခံခဲ့သည့် အတွက် ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂ ဦးက ထောက်ခံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
ထိုနောက် အဆိုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များဖြစ်သည့် ပြည်ထဲရေး ဝန်ကြီးဌာန ၊ ကာကွယ်ရေး ဝန်ကြီးဌာန နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန နှင့် သမ္မတရုံး ဝန်ကြီးဌာန(၄) တို့မှလည်း ယင်းကိစ္စများအား ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
ထိုအရေးကြီး အဆို တင်သွင်းခဲ့သည့် ကျောက်မဲ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၏ သဘောထား အတိုင်း လွှတ်တော်၏ အဆုံး အဖြတ်အား ရယူခဲ့ရာ ထောက်ခံ ဆန္ဒမဲ ၄၀၇ မဲ ၊ ကြားနေ ဆန္ဒမဲ ၄ မဲ ၊ ကန့်ကွက်ဆန္ဒမဲ မရှိသဖြင့် အရေးကြီး အဆိုအား အတည်ပြုကြောင်း ကြေညာခဲ့သည်။(Xinhua)