Connect with us

Politics, Law & Military

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲပြီး ရက်ပေါင်း ၁၀၀ အတွင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီးနောက် ယနေ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

ရက်ပေါင်း ၁၀၀ အတွင်း လွှတ်တော်
ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက် နောက်ပိုင်း ယနေ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ထိ ရက်ပေါင်း ၁၀၀ အတွင်း အဓိက ကျသော အခန်းကဏ္ဍတစ်ခု ဖြစ်သည့် လွှတ်တော်တွင်း နိုင်ငံရေး အခင်းအကျင်းကို ပြည်တွင်း ပြည်ပက စိတ်ဝင်တစား လေ့လာ စောင့်ကြည့်လျက် ရှိသည်။
ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကို ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်ပြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ ရွေးချယ်ခဲ့ကာ နိုင်ငံတော် သမ္မတ ရွေးချယ်ရေး အတွက် မတ်လ ၁၇ ရက်တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အစု အဖွဲ့၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ စသည့် သုံးဖွဲ့မှ ဒုတိယ သမ္မတလောင်းများ အမည်စာရင်း တင်သွင်းမည့် ရက်အဖြစ် ပြည်ထောင်စု လွှတ်တော်က သတ်မှတ်ခဲ့သည်။
နိုင်ငံတော် သမ္မတ ရွေးချယ်ပြီးလျှင် သမ္မတက တင်သွင်းရမည့် အစိုးရ အဖွဲ့ကို ရွေးချယ် အတည်ပြုခြင်းအား ဆက်လက် ပြုလုပ်မည် ဖြစ်သည်။

မတ်လ ၃၁ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် အစိုးရ အုပ်ချုပ်ရေး သက်တမ်း ကုန်ဆုံးပြီးနောက် သမ္မတအသစ်နှင့် အစိုးရ အဖွဲ့ အသစ်က အုပ်ချုပ်ရေး အာဏာ လွှဲပြောင်း ရယူမည် ဖြစ်သည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်၌ စတင် အသက်ဝင်ခဲ့သော ပထမအကြိမ် လွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးကာ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့သည်။
ဒုတိယအကြိမ် လွှတ်တော် သက်တမ်း စတင်သည့်နေ့ ပထမနေ့၌ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌများကို ရွေးချယ်ခဲ့ရာ ရွေးကောက်ပွဲ၌ အနိုင်ရ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာမွေ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းမြင့်အား ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်အား ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြည်သူ့ လွှတ်တော်က အတည်ပြု ခန့်အပ်ခဲ့သည်။
အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) ကိုယ်စားလှယ် ဦးအေးသာအောင်ကို အတည်ပြု ခန့်အပ်ခဲ့သည်။
ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော်၏ ဖွဲ့စည်းပြီးသော ကော်မတီ/ကော်မရှင်များမှာ ပြည်သူ့လွှတ်တော် အမြဲတမ်း ကော်မတီ (၄) ရပ်ဖြစ်သော လွှတ်တော် အခွင့်အရေး ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ၊ ဥပဒေကြမ်း ကော်မတီနှင့် ပြည်သူ့ ငွေစာရင်း ကော်မတီ တို့အပြင် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းထားသည်။
ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် အတွက် အမြဲတမ်း ကော်မတီ ၄ ရပ် ဖြစ်သော လွှတ်တော် အခွင့်အရေး ကော်မတီ ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ ဥပဒေကြမ်း ကော်မတီ နှင့် ပြည်သူ့ ငွေစာရင်း ကော်မတီတို့ကိုလည်း ဖွဲ့စည်းခဲ့သည်။
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ဆောင်ရွက်လျက် ရှိသည်။
ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော်တွင် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ၊ လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေး ကော်မတီနှင့် ဥပဒေကြမ်း ပူးပေါင်း ကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များလည်း ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် စတင်ပြီး ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌများကို ရွေးချယ် တင်မြှောက်ခဲ့သည်။
ပုဒ်မ ၅၉ (စ) အဆို ဆိုင်းငံံ့မှု အသံများ
နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်သည့် ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးနှင့် ပတ်သက်သော အဆို တင်သွင်း ဆွေးနွေးမည့် အသံများ ဒုတိယအကြိမ် လွှတ်တော် ပြန်လည် စတင်ချိန်တွင် ထွက်ပေါ်လာသော်လည်း ယနေ့ချိန်ထိ အဆိုပါ ၅၉ (စ) နှင့် ပတ်သက်သော အရေးကိစ္စကို အနိုင်ရ ပါတီက လုပ်ဆောင်ခြင်း မရှိသေးပေ။
အဆိုပါ ပုဒ်မ ၅၉ (စ) ဆိုင်းငံံ့မှု အဆို တင်သွင်းလာလျှင် တပ်မတော်သား လွှတ်တေ်ာ ကိုယ်စားလှယ်များ ဘက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရန် အတွက် အတားအဆီး ဖြစ်နေသော ပုဒ်မ ၅၉ (စ) အပေါ် ပြည်သူများက စိတ်ဝင်စားလျက် ရှိသည်။
ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် စတင်သည့် ပထမနေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ ပေးပို့ရာ အဆိုပါ သဝဏ်လွှာတွင် ဥပဒေ အသစ်များ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် ရုပ်သိမ်းခြင်းများ ပြုလုပ်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာပြီး အလေးထား ဆောင်ရွက်ရန် ထည့်သွင်း ဖော်ပြထားသည်။
ရက်ပေါင်း ၁၀၀ တွင်း အနိုင်ရ ပါတီ သမိုင်းဝင် တွေ့ဆုံမှု
၂၀၁၅ ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာချိန်တွင် အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့နှင့် အသွင်ကူးပြောင်းရေး ချောမွေ့စေရေး အတွက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တွေ့ဆုံကာ အာဏာလွဲှပြောင်းရေး ချောမွေ့စေရန် အတွက် ဆွေးနွေးခဲ့သည်။
၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှု ရလဒ်
မြန်မာနိုင်ငံ၏ ဒုတိယမြောက် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပြီး ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်၏ အမတ်နေရာ ၁,၁၅၀ အတွက် နိုင်ငံရေး ပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း ၆,၀၃၈ ဦးသည် ပြည်သူ့လွှတ်တော် ၃၂၃ နေရာအတွက် ၁,၇၃၃ ဦး၊ အမျိုးသားလွှတ်တော် ၁၆၈ နေရာအတွက် ၈၈၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် နှင့် တိုင်းရင်းသား လူမျိုးစုနေရာ ၆၅၉ နေရာ အတွက် ၃,၄၁၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လွှတ်တော် သုံးရပ်၌ ပြည်သူ့ လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်တွင် ၄၇၅ နေရာ၊ တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ၂၁ နေရာ စုစုပေါင်း ၈၈၆ နေရာ အနိုင်ရရှိထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ပြည်သူ့ လွှတ်တော်တွင် နေရာ ၃၀၊ အမျိုးသား လွှတ်တော်တွင် ၁၁ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၇၄ နေရာ၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် တစ်နေရာ စုစုပေါင်း ၁၁၇ နေရာ အနိုင် ရရှိထားသည်။
ရခိုင်အမျိုးသား ပါတီအနေဖြင့် ပြည်သူ့ လွှတ်တော်တွင် ၁၂ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၀ နေရာ၊ ပြည်နယ် လွှတ်တော်တွင် ၂၂ နေရာနှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ရခိုင်တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ်တစ်နေရာ စုစုပေါင်း ၄၅ နေရာ အနိုင်ရရှိထားသည်။

ပထမအကြိမ် လွှတ်တော်၏ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးပမ်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးများ ရှုံးနိမ့်ခဲ့သည်။
၅၉ (စ)၊ ၄၃၆ အပါအဝင် ပုဒ်မများပြင်ဆင်ရေးမှာ အမြင့်ဆုံး ထောက်ခံမဲ ၃၈၀ ကျော် ရသည့်တိုင် ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ရှုံးနိမ့်ခဲ့သည်။
လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က မပြဋ္ဌာန်းဘဲ ဆိုင်းငံ့ခဲ့ခြင်းက အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့သည်။ မဲဆန္ဒရှင် ပြည်သူ လူထု၏ ၁ ရာခိုင်နှုန်းက တိုင်တန်းနိုင်သည် ဟူသော အချက်ကို ထောက်ပြ၍ လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း ကော်မရှင်ကမူ တိုင်တန်းချက်ကို မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းရကြောင်း ပြန်လည် ချေပခဲ့သည်။
တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာဘာ သာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေတို့ ကိုလည်း အတည်ပြုခဲ့ပြီး လူမှုရေး ကိစ္စများကို ဥပဒေပြုသည်ဟု ဝေဖန်မှုများ ရှိခဲ့သကဲ့သို့ ထောက်ခံမှုများလည်း အများအပြား ရှိခဲ့သည်။ အဆိုပါ မျိုးစောင့် ဥပဒေ လေးခုအနက် တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေသည် သက်ရောက်မှု အရှိဆုံး ဖြစ်ခဲ့ပြီး အဆိုပါ ဥပဒေဖြင့် တရားစွဲမှု အများအပြား ပေါ်ပေါက်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော် ပထမ သက်တမ်း အတွင်း ဥပဒေ ၂၂၉ ခု ပြဋ္ဌာန်း
၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေ စုစုပေါင်း ၂၂၉ ခု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ အသစ်ပြဋ္ဌာန်းသည့် ဥပဒေ ၁၀၉ ခု ရှိပြီး ပြင်ဆင်ပြဋ္ဌာန်းသည့် ဥပဒေပေါင်း ၁၀၃ ခုရှိ၊ ပြန်လည်ရုပ်သိမ်းသည့် ဥပဒေပေါင်း ၁၇ ခုရှိသည်။
ပြည်ထောင်စု လွှတ်တော်တွင် ဆောင်ရွက်ရန် ကျန်ရှိခဲ့သည့် ဥပဒေကြမ်း ၂၃ ခုတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေး ဆုံးဖြတ်နိုင်ရန် အတွက် ပြည်ထောင်စု လွှတ်တော် နာယကက ဥပဒေကြမ်း ပူးပေါင်း ကော်မတီအား လေ့လာ သုံးသပ်ရန် ညွှန်ကြားခဲ့ကြောင်း၊ ပြင်ဆင်ရန် တင်သွင်းသည့် ပုဒ်မ၊ ပုဒ်မခွဲ ခြောက်ခုအနက်မှ ပုဒ်မ ၅၉ ပုဒ်မခွဲ (ဃ) တစ်ခုသာ ထောက်ခံဆန္ဒမဲ ၅၅၀ ကျော်ဖြင့် အတည်ပြုနိုင်ခဲ့သည့် အတွက် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရန် အတည်ပြုခဲ့ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ပြောကြားသည်။

ဥပဒေကြမ်းများတွင် လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ စက်မှုလုပ်ငန်း ဥပဒေကြမ်း၊ အစိုးရ အောင်ဘာလေထီ ဥပဒေကြမ်း၊ အကျဉ်းထောင်များ ဥပဒေကြမ်း၊ ပုဂ္ဂလိက ပညာရေး ဥပဒေကြမ်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရေး ဥပဒေကြမ်း၊ အခြေခံပညာရေး ဥပဒေကြမ်း စသည်ဖြင့် ဥပဒေကြမ်း ၂၂ ခု ကျန်ရှိခဲ့ကြောင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရ သိရသည်။

ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ဥပဒေများကို ပြင်ဆင်သည့် ဥပဒေများတွင် ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ သုံးစွဲနိုင်ရန် အတည်ပြုနိုင်ခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးများ ပိုမို ခံစားနိုင်စေရန် ဆောင်ရွက်ချက်များနှင့် ဥပဒေနှစ်ခုကို ပြဋ္ဌာန်းပေးနိုင်ခြင်း၊ အလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုးခုကို ပြဋ္ဌာန်းပေးနိုင်ခြင်း၊ တောင်သူလယ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို ဆောင်ရွက်ပေးသည့် ဥပဒေနှစ်ခုကို ပြဋ္ဌာန်းပေးနိုင်ခြင်း၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ခြင်း၊ ပညာရေးကဏ္ဍကို အထောက်အကူ ဖြစ်စေမည့် ဥပဒေလေးခုကို ပြဋ္ဌာန်းပေးနိုင်ခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.