Connect with us

Local

တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်မှုကြောင့် မြန်မာ့ဖရဲသီး ယခင်နှစ်ကထက်နှစ်ဆခန့်ဈေးမြင့်တက်

ရန်ကုန်မြို့ရှိ ဖရဲသီးဒိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံမှ ဖရဲသီးများအား တရုတ်နိုင်ငံဘက်မှ ဝယ်ယူမှုမြင့်တက်လျက်ရှိပြီး၊ ယခင်နှစ်ကထက် ဖရဲသီးစိုက်ပျိုးမှုနည်းပါးခြင်းကြောင့် တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ တင်ပို့သည့် ဈေးနှုန်းသည် ယခင်နှစ် ကာလတူထက် နှစ်ဆခန့်မြင့်တက်ခဲ့ကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်က ဆင်ဟွာသို့ ဒီဇင်ဘာ ၁၅ ရက်တွင်ပြောသည်။

“အခုဈေးနှုန်းတွေက မရဖူးတဲ့ဈေးနှုန်းတွေရတာပါ။ မနှစ်က ရိုးရိုးဖရဲသီးတစ်တန်ကို ယွမ် ၃၀၀၀ ဆိုရင် အခု ဒီနေ့ပေါက်ဈေးက က ယွမ် ၆၀၀၀ ပေါက်ဈေးရှိတယ်။ ဒီနှစ်က COVID-19 ကြောင့်ဖရဲသီးအစိုက်နည်းခဲ့တယ်။ အဲဒီတော့ ရောင်းလိုအားကနည်းသွားတယ်။ တရုတ်ပြည်ဘက်ဝယ်လိုအားက မနှစ်ကအတိုင်းရှိခဲ့တော့ ဈေးကအရမ်းတက်သွားတာပါ’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

၂၀၁၉ခုနှစ် ဒီဇင်ဘာ တွင် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် တွင် ဖရဲသီးကား အစီး ၄၀၀ ဝန်းကျင်ခန့် တရုတ်နိုင်ငံသို့ တင်ပို့ရန် ရောက်ရှိခဲ့သော်လည်း ၂၀၂၀ပြည့်နှစ် တွင်ဖရဲသီးအထွက်နည်းသောကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် ဖရဲသီးကား အစီး ၁၀၀ ကျော်သာရှိကြောင်း ၎င်းက ဆိုသည်။

“ဝယ်လိုအားနဲ့ ရောင်းလိုအားကို ကျွန်တော်တို့ချိန်ရမှာပေ့ါ။ COVID-19 ကာလဆိုတော့ လူတိုင်းနည်းနည်းချင်းပဲ စိုက်နိုင်တယ်။ နည်းနည်းစိုက်ပေမယ့် များများမြတ်တယ်။ အဲဒါကဒီနှစ်မှာ ရခဲ့တဲ့ အတွေ့အကြုံပေ့ါ’’ ဦးစိုင်းမြင့်ဗိုလ်ကဆက်ပြောသည်။နှစ်စဉ် မြန်မာ့ဖရဲသီး တစ်တန်လျှင် ယွမ် ၃၀၀၀ ခန့်သာရှိသော်လည်း ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ရိုးရိုးဖရဲသီး တစ်တန်လျှင် ယွမ်၆၀၀၀ ကျော်၊ အစေ့မဲ့ဖရဲသီး တစ်တန်လျှင် ယွမ် ၈၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117