Connect with us

Politics, Law & Military

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ကို စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌ အဖြစ် ဦးဆောင် ပါဝင်၍ ပြင်ဆင် ဖွဲ့စည်း

ရခိုင်ပြည်နယ် အတွင်း စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေများ အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ ဦးဆောင် ပါဝင်၍ အဖွဲ့ဝင် ၁၈ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံတော် စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းနှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက်မှန်ကန်စွာ အသုံးချ စီမံ ဆောင်ရွက် နိုင်ရန် ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း ၊ ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်း ၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွှတ်သည့် အခြား လုပ်ငန်းများ အတွက် တည်ဆဲဥပဒေများနှင့် အညီ နည်းလမ်းတကျ ဆောင်ရွက်နိုင်ရန် စိစစ်ခြင်း၊ ခွင့်ပြုခြင်း၊ လုပ်ပိုင်ခွင့်ရပ်ဆိုင်းခြင်းတို့ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အနေဖြင့် ဆောင်ရွက်နိုင်ကြောင်း အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုဗဟိုကော်မတီသို့မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ၊ ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ ၁၄ အရ သက်ဆိုင်ရာ ဝန်ကြီးဌာနက ကင်းလွတ်ခွင့် ပြုထားသူများ ဖြစ်သည့် နိုင်ငံတော်နှင့် သံတမန် အဆက်အသွယ်ရှိသော နိုင်ငံခြား သံတမန် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြားမည်သည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ် ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ရပ်ရပ်နှင့် အကျိုးတူ ကိစ္စရပ်များ အတွက် ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြု ထားသော ရင်းနှီးမြှုပ်နှံသူများ ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူ ကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ၊ ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစု တစ်နိုင် တစ်ပိုင် စိုက်ပျိုးရေး လုပ်ကိုင်လိုသူများက နည်းလမ်းတကျ တင်ပြ လျှောက်ထားလာခြင်းများကို စိစစ်၍ ခွင့်ပြုခြင်း၊ ငြင်းဆိုခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်ကောင်စီ သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့၏ သဘောထား ထောက်ခံချက်ဖြင့် တင်ပြလာသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆုံးဖြတ်ပေးခြင်း ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ (၆) လလျှင် တစ်ကြိမ် တင်ပြရမည်။ မူဝါဒဆိုင်ရာ အဆုံးအဖြတ် ခံယူရန် ပေါ်ပေါက်ပါက နိုင်ငံတော်သမ္မတ ထံသို့ နည်းလမ်းတကျ တင်ပြ၍ လမ်းညွှန်မှု ခံယူခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.