Latin America
ရီယိုအိုလံပစ်ပွဲတွင် တရုတ်ဒိုင်ဗင်ကစားသမား အချစ်ဇာတ်လမ်းဆန်ဆန် ချစ်သူအား လက်ထပ်ခွင့်တောင်း
ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
ရီယိုအိုလံပစ်ပြိုင်ပွဲဝင် တရုတ်အားကစားသမားတစ်ဦးသည် Maria Lenk Aquatics စင်တာ၌ သြဂုတ်လ ၁၄ ရက်က ကျင်းပသည့် ဒိုင်ဗင်ထိုးပြိုင်ပွဲအပြီး ဧည့်ပရိသတ် ထောင်ပေါင်းများစွာရှေ့တွင် ၎င်း၏ချစ်သူအား အချစ်ဇာတ်လမ်းဆန်ဆန် လက်ထပ်ခွင့်တောင်းခံခဲ့ကြောင်းသိရသည်။
တရုတ်ဒိုင်ဗင်မယ် He Zi သည် အမျိုးသမီး ၃ မီတာ အမြင့် ဒိုင်ဗင်ထိုးပြိုင်ပွဲ၌ ငွေတံဆိပ်ဆု လက်ခံအပြီးတွင် ချစ်သူ Qin Kai၏ ဒူးထောက် လက်ထပ်ခွင့် ရုတ်တရက် တောင်းခံခြင်း ခံလိုက်ရခြင်းဖြစ်သည်။
Qin သည် ရီယိုအိုလံပစ် အမျိုးသား ၃ မီတာအမြင့် ဒိုင်ဗင်ထိုးပြိုင်ပွဲ၌ ကြေးတံဆိပ်ဆွတ်းခူးခဲ့သည့် တရုတ်အားကစားသမားတစ်ဦးဖြစ်သည်။ ၎င်းသည် လက်ထပ်လက်စွပ်ထည့်ထားသည့် အနီရောင် သေတ္တာငယ်လေးကို ချစ်သူအား ဒူးထောက်၍ မြတ်မြတ်နိုးနိုး ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ရုတ်တရက်လက်ထပ်ခွင့်တောင်းခံခြင်းခံလိုက်ရသဖြင့် He Zi သည် ဝမ်းမြောက်လွန်း၍ မျက်ရည်များဝဲခဲ့သလို အားကစားရုံအတွင်းရှိ ဧည့်ပရိသတ်ပေါင်းများစွာက လက်ခုပ်တီးကာ ချစ်သူနှစ်ဦးအား ဂုဏ်ပြုခဲ့ကြောင်းသိရသည်။
ချစ်သူက လက်ထပ်ခွင့်တောင်းလိုက်သည့်အချိန်တွင်ခံစားချက်ကို မျိုသိပ်နိုင်စွမ်းမရှိအောင် ဖြစ်ခဲ့ရကြောင်း He Zi က သတင်းသမားများအားပြောသည်။
“ ဒီနေ့မှာ ဘာကြောင့် သူလက်ထပ်ခွင့်တောင်းလဲ ဆိုတာ ကျွန်မမသိဘူး။ ချက်ချင်းလက်ထပ်ဖြစ်ဖို့မမျှော်လင့်ထားဘူးလေ ” ဟု ၎င်းကဆိုသည်။ထို့ပြင် ချစ်သူ၏ ထူးခြားသည့် အမူအကျင့်ကို ၆ နှစ်ကြာ ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်ကြောင်း ဆက်ပြောသည်။
ယခုဖြစ်စဉ်သည် ရီယိုအိုလံပစ်ပြိုင်ပွဲအတွင်း ဒုတိယမြောက်လက်ထပ်ခွင့်တောင်းခံသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ယင်းမတိုင်မီက ဘရာဇီးနိုင်ငံမှ ရူဘီကစားသမား Isadora Cerullo သည် ၎င်း၏ ချစ်သူ Marjorie Enya အား သြဂုတ်လ ၉ ရက်က လက်ထပ်ခွင့်တောင်းခံခဲ့ကြောင်းသိရသည်။(Xinhua)