Latin America
ဂွာတာနာမို အကျဉ်းသား ၁၅ ဦးကို ယူအေအီးသို့ အမေရိကန် လွှဲပြောင်းမည် ဖြစ်ကြောင်း ပင်တဂွန် ပြောကြား
ဝါရှင်တန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
ဂွာတာနာမို အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသူ ၁၅ ဦးအား ကျူးဘားမှတဆင့် ယူအေအီးသို့ အမေရိကန်က လွှဲပြောင်းပေးမည် ဖြစ်ပြီး ၇ နှစ်တာ ကာလအတွင်း အများဆုံး လွှဲပြောင်းပေးသည့် ပမာဏ ဖြစ်ကြောင်း သြဂုတ်လ ၁၅ ရက် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဂွာတာနာမို အကျဉ်းထောင်တွင် အကျဉ်းသား ၆၁ ဦးအထိ လျှော့ချမည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ အစီအစဉ်ဖြင့် ယခုလို လွှဲပြောင်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အထဲ၌ ယီမင်နိုင်ငံသား ၁၂ ဦး၊ အာဖဂန် ၃ ဦး ပါဝင်ကြောင်း သိရသည်။
ဂွာတာနာမို ပင်လယ်ကွေ့ အကျဉ်းစခန်း ပိတ်သိမ်းရေးအတွက် အမေရိကန်၏ လုပ်ဆောင်မှုအား အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) က လူသားချင်း စာနာထောက်ထားမှု သတင်းများအရသော်လည်းကောင်း လိုလိုလားလား ဆန္ဒရှိသည့်အတွက် အမေရိကန်က ကျေးဇူးတင်ကြောင်း သြဂုတ်လ ၁၅ ရက်၌ ထုတ်ပြန်ခဲ့ သည့် ကြေညာချက်တွင် ပင်တဂွန်က ပြောကြားခဲ့သည်။
ရီပက်ဘလစ်ကန် အများစု ကြီးစိုးထားသည့် လွှတ်တော်၏ ပူးပေါင်းဆောင်ရွက်မှုရရှိရန် ကြိုးပမ်း အားထုတ် နေရသည့် ဂွာတာနာမို အကျဉ်းစခန်း ပိတ်သိမ်းမည့် ကာလရှည် အစီအစဉ်အား အိုဘားမားက ဖေဖော်ဝါရီလ က ထုတ်ဖော်ပြောကြားခဲ့သည်။
ထို အစီအစဉ်အရ အကျဉ်းသား အချို့သည် သက်ဆိုင်ရာ နိုင်ငံသို့ လွှဲပြောင်းရန် ဂွာတာနာမို အကျဉ်းထောင် တွင်ပင် ဆက်လက် ရှိနေသေးကြောင်း၊ လွှဲပြောင်းပေးမည့် အကျဉ်းသားများအား အိုဘားမား အစိုးရက ပြန်လည် သုံးသပ်မှု ပြုလုပ်နေကြောင်း သိရသည်။
သို့သော်လည်း အကျဉ်းထောင် ပိတ်သိမ်းမည့် အစီအစဉ်တွင် အရေးကြီးသည့် မေးခွန်းတချို့နှင့် ပတ်သက်၍ အဖြေမရှိသေးပေ။ ၎င်းမှာ အမေရိကန်နိုင်ငံ အတွင်းသို့ ပြန်လည်လွှဲပြောင်း လက်ခံရန် ဖြစ်နိုင်ဖွယ် မရှိသော အကျဉ်းသား အချို့အား အိုဘားမား အစိုးရက မည်သည့်နေရာသို့ ပို့မည်ဆိုသည့် အချက် ဖြစ်သည်။
လွှတ်တော်အတွင်းရှိ ရီပက်ဘလစ်ကန်များသည် အမေရိကန်နိုင်ငံအတွင်းသို့ ဂွာတာနာမို အကျဉ်းသားများ ပြန်လည် ခေါ်ယူခြင်းအား ဆန့်ကျင် ကန့်ကွက်ထားကြောင်း သိရသည်။ (Xinhua)