Connect with us

Politics, Law & Military

သမ္မတဦးထင်ကျော်၏ အိန္ဒိယ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့အား အိန္ဒိယနိုင်ငံသမ္မတက ကြိုဆိုစဉ် (ဓာတ်ပုံ-- President Office)

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးထင်ကျော် ၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

ခရီးစဉ်အတွင်း အောက်ပါ နားလည်မှုစာချွန်လွှာများအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
တိုင်းရင်းဆေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ပြန်ပြည်‌့မြဲစွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ ၊မြန်မာနိုင်ငံရှိ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ တမူး-ကျီကုန်း-ကလေးဝ အပိုင်းရှိ တံတားများနှင့် ချဉ်းကပ်လမ်း တည်ဆောက်ရေး။ အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ ၊မြန်မာနိုင်ငံရှိ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ ပလက်ဝ-ယာကြီး ကားလမ်းအပိုင်း တည်ဆောက်ရေး။ အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ တို့အား လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
သမ္မတဦးထင်ကျော်သည် အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်တို့နှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ် များနှင့် နှစ်နိုင်ငံအကျိုးတူဆိုင်ရာ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးကြရာ၌ နှစ်နိုင်ငံအတွင်းသာမက ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြည့်စုံကြွယ်ဝမှုတို့အတွက် အထောက်အကူ ဖြစ်စေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အလို့ငှာ နှစ်နိုင်ငံအကြား ပိုမို ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပူးတွဲဆွေးနွေး ညှိနှိုင်းမှုကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲ၊ ပူးတွဲ ကုန်သွယ်ရေး ကော်မတီ၊ နိုင်ငံတော် အဆင့်နှင့် ဒေသအဆင့် အစည်းအဝေးများ၊ ဒေသဆိုင်ရာ နယ်ခြားရေးရာ ကော်မတီ၊ နယ်ခြား ဆက်ဆံရေး အစည်းအဝေးများ၊ မြေတိုင်းဦးစီးဌာန အကြီးအကဲများ အစည်းအဝေး အစရှိသော လက်ရှိ နှစ်နိုင်ငံ အဖွဲ့အစည်းများဆိုင်ရာ ယန္တရားများ၏ မူဘောင်အတွင်း ဆွေးနွေးမှုများ ဆက်လက် တိုးမြှင့် လုပ်ဆောင်သွားရေးအတွက် ထောက်ခံကြောင်း သိရသည်။
နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်း လုံခြုံမှုရှိစေရေး အလုံးစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး သည့် အလျောက် နှစ်ဖက်လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအကြား အချင်းချင်း ပိုမို ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးအနက် ဆွေးနွေးခဲ့ကြသည်ဟု ပူးတွဲကြေညာချက်ထဲတွင် ပါရှိသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း ၊ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်မှု၏ တိုးတက်မှု အခြေအနေကိုလည်း နှစ်ဖက်လုံးက အားရကျေနပ်မှုရှိကြောင်း ၊ စစ်တွေနှင့် ပလက်ဝအကြား လုပ်ငန်းပိုင်းကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ မတိုင်မီ အပြီးဆောင်ရွက်ရန်နှင့် လုပ်ငန်းလည်ပတ်မှုနှင့် ထိန်းသိမ်းမှုစနစ်များကို အဆောလျှင်ဆုံး ဆောင်ရွက် သင့်ကြောင်း နှစ်ဖက် သဘောတူညီခဲ့ကြပါသည်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းနှင့် ဆက်စပ်နေသည့် နားလည်မှုစာချွန်လွှာ နှစ်ခု လည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဏများ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်ဖက် သဘောတူညီ ခဲ့ကြကြောင်း၊ တမူး-မိုရေး နှင့် ရိ-ဇိုခေါဒါ နယ်စပ်ဂိတ်များ၌ လူဝင်မှုကြီးကြပ်ရေးရုံးများ ဆောလျင်စွာ ဖွင့်လှစ်ရေးကိစ္စကိုလည်း နှစ်ဖက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှုနှင့် ပြည်သူ့စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့် အခြားအဆင့်မြင့်အရာရှိများ လိုက်ပါခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.