Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ ဝင်များအား ရွေးကောက်ပွဲကာလ ကိုးလစာသာ ချီးမြှင့်ရန် လွှတ်တော် ဆုံးဖြတ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံ့ ဝန်ထမ်းမဟုတ်သော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား လစဉ်ချီးမြှင့်ငွေ မပေးဘဲ ရွေးကောက်ပွဲ ရှိသည့် ကာလ ကိုးလအတွက်သာ ချီးမြှင့်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သဘောထား အတိုင်း ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

“ကော်မရှင် အဖွဲ့ဝင်တွေကို ချီးမြှင့်ငွေနဲ့စရိတ်ပေးတာဟာ လစာပေးတာ မဟုတ်ပါဘူး။ ဉာဏ်ပူဇော်ခ လို့သုံးလို့ရပါတယ်၊ ချီးမြှင့်ငွေ ဖြစ်လို့အလုပ်ရှိမှ၊ အလုပ်ပေါ်မှ၊ အလုပ်လုပ်မှ ချီးမြှင့်ရမှာ ဖြစ်ပါတယ်။ အလုပ်မပေါ်၊ အလုပ်မရှိရင် အလုပ် မလုပ်ဘဲနဲ့ချီးမြှင့်စရာ အကြောင်း ပေါ်ပေါက်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိတဲ့ ဒေသ၊ ခရိုင်၊ မြို့နယ် တွေကိုသာ ကာလ သတ်မှတ်ပြီးတော့ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါကလည်း ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ လုပ်ငန်း လုပ်ဆောင်မှု ရှိတဲ့ ကော်မရှင် အဖွဲ့ခွဲများ အတွက်သာ ကိုးလ သတ်မှတ်ပြီး ချီးမြှင့်ဖို့စီစဉ်ထားပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သည်။
မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုး၏ “နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ အတွက် ထိုက်သင့်သည့် လစဉ် ချီးမြှင့်ငွေနှင့် စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည် သုံးသပ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုအပေါ် လွှတ်တော် ကိုယ်စားလှယ် ကိုးဦးတို့က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထောက်ခံ ဆွေးနွေးခဲ့ကြ အပြီး ရွေးကောက်ပွဲ ကော်မရှင်၏ သဘောထားကို ဦးလှတင့်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ လှမိုး၏ အဆိုတွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအား လစဉ် ချီးမြှင့်ငွေနှင့် စရိတ် ပေးရမည့် ကာလ၊ လစဉ် ချီးမြှင့်ငွေနှင့် စရိတ် ပေးရမည့် ပမာဏနှင့် ခန့်အပ်မည့် ကော်မရှင် အဖွဲ့ဝင် ဦးရေ တို့ကို ပြန်လည် သုံးသပ်ပါရန် အလေးထား တင်ပြခဲ့သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ နှစ်ကြိမ်အတွက် ပြည်ထောင်စု ဘတ်ဂျက်၏ ၀ ဒသမ ၀၇ ရာခိုင်နှုန်း ရှိသည့် ကျပ် ၁၆၇ ဘီလီယံ သုံးစွဲခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဦးရေမှာ အရာထမ်း ၅၀၆ ဦး နှင့် အမှုထမ်း ၁,၃၆၈ ဦး — စုစုပေါင်း ၁,၈၇၄ ဦး ရှိကြောင်း သိရသည်။
မူလ အဆိုတွင် ပါဝင်သည့် ကော်မရှင်အဖွဲ့ဝင် ဦးရေကို သုံးသပ် သင့်ကြောင်းအချက်နှင့် ပတ်သက်ပြီး ကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က “ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ဥက္ကဋ္ဌ တစ်ဦး၊ အဖွဲ့ဝင် နှစ်ဦး အတိအကျ ခန့်အပ်ဖို့ဆုံးဖြတ်ပြီးပါပြီ” ဟု လွှတ်တော်သို့ပြောခဲ့သည်။
ထို့နောက် အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှမိုး၏ အဆိုကို ပြည်သူ့လွှတ်တော်က ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.