Sport
၃၁ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် ၉ခု ဆွတ်ခူးရရှိပြီး အဆင့်၇ နေရာတွင် ရပ်တည်
ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၃၁ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)တွင် မြန်မာအားကစားအဖွဲ့သည် ရွှေ တံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု ဆွတ်ခူးရရှိခဲ့ပြီး အဆင့် ၇ တွင် ရပ်တည်ခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ မေ ၂၄ ရက်တွင် ပြောသည်။“ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက် စပြီးကျင်းပပေမယ့် အားကစားနည်းတချို့ကတော့ မေ ၆ ရက်ကတည်းက စတင်ယှဉ်ပြိုင်ခဲ့တာပါ။ မြန်မာနိုင်ငံအဖွဲ့အနေနဲ့ အားကစားနည်း ၂၁ မျိုး ယှဉ်ပြိုင်ခဲ့ပြီး အားကစားနည်း ၁၆ မျိုး ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။’’ ဦးဌေးအောင်ကပြောသည်။
ဆီးဂိမ်းပြိုင်ပွဲတွင် ဘောလုံး/ဖူဆယ်၊ ဂေါက်သီး၊ စစ်တုရင် ၊ ဘောလီဘောနှင့် E-sports အားကစားနည်းများ တွင်ဆုတံဆိပ်ရယူနိုင်ခဲ့ခြင်းမရှိကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ဆီးဂိမ်းအားကစားပြိုင်ပွဲ၏ အားကစားပွဲစဉ်များမှာ မေ၂၂ ရက်တွင်ပြီးဆုံးခဲ့ပြီး မေ ၂၃ ရက်တွင် ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)