Connect with us

Media

၃၂ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဆီမီးဖိုင်နယ်တက်ရောက်

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

၃၂ ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (A) ပွဲစဉ်များ အပြီးတွင် အုပ်စုပထမနေရာရသော အင်ဒိုနီးရှားနှင့် ဒုတိယနေရာရသော မြန်မာအသင်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ မေ ၁၁ ရက်တွင် ပြောသည်။

ဘောလုံးအားကစားတွင် အရှေ့တောင်အာရှနိုင်ငံများရှိ နာမည်ကြီးသည့် အသင်းများမှာ ထိုင်း နှင့် ဗီယက်နမ် အသင်းများဖြစ်ပြီး ၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့် အမျိုးသား ဘောလုံးအသင်း နှစ်သင်းစလုံးအနေဖြင့် ထိုင်း နှင့် ဗီယက်နမ် အသင်းများကို ကျော်နိုင်မှ နောက်ဆုံးအဆင့် ဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“မေ ၁၁ ရက် ညနေမှာ ဗီယက်နမ်နဲ့ ထိုင်းက အုပ်စု ဒုတိယနေရာလုမှာပါ။ သူတို့ နှစ်သင်း ပြိုင်ပွဲပြီးတဲ့အချိန် ထိုင်းနဲ့ ပဲကန်ရသည်ဖြစ်စေ၊ ဗီယက်နမ်နဲ့ပဲ ကန်ရသည်ဖြစ်စေ အမျိုးသား အသင်းကတော့ အတော်လေးကို ရုန်းကန်ရမယ့် အခြေအနေမှာ ရှိပါတယ်။

အမျိုးသမီးအသင်းလည်း အလားတူပါပဲ။ မြန်မာအသင်းအနေနဲ့ ကတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ”ဟု ဦးဌေးအောင်ကပြောသည်။
မြန်မာ့အမျိုးသားဘောလုံးအသင်း သည် Myanmar National League တွင် ကစားနေသော ကစားသမားများ ဖြစ်သောကြောင့် လေ့ကျင့်မှုမှာ တစ်နှစ်လုံးနီးပါးရရှိခဲ့ကြောင်း ၎င်းကဆိုသည်။ “ဒီကလေးတွေကိုပဲစုစည်းပြီး အချိန် ၂ လ ခွဲ ၃ လလောက် အချိန်ယူပြင်ဆင်ခဲ့ပါတယ်။ လက်ရှိမြန်မာဘောလုံးအသင်းအနေနဲ့ အောင်နိုင်ရေးစိတ်ဓာတ်၊ အားကစားသမားစိတ်ဓာတ်အပြည့်နဲ့ အားကြိုးမာန်တက်ကစားရင် သူတို့အနေနဲ့ ဆီမီးဖိုင်နယ်မှာ ကျော်လွန်ပြီး ဖိုင်နယ်ကို တက်ရောက်နိုင်လိမ့်မယ်လို့မြင်ပါတယ်” ဟု ဦးဌေးအောင်ကဖြည့်စွက်ပြောကြားသည်။

မြန်မာအသင်းအနေဖြင့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မေ ၁၀ ရက်အထိ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၁ ခု၊ ကြေးတံဆိပ် ၃၁ ခု၊ စုစုပေါင်း ၅၆ ခုကို ရရှိပြီးဖြစ်သည်။ (Xinhua)