Connect with us

Media

တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ခွင့်ပြုထားသည့် ပုဂ္ဂလိက ကျွန်းစိုက်ခင်းဧက ၂၆၅,၆၄၀ကျော် အနက် ဧက ၉၄,၄၀၀ ကျော်ပြန်လည်သိမ်းဆည်း

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ခွင့်ပြုထားသည့် ပုဂ္ဂလိကကျွန်းစိုက်ခင်း ဧက ၂၆၅,၆၄၀ ကျော် အနက် စည်းကမ်းမလိုက်နာခြင်းနှင့် လုပ်ငန်းရှင်ကိုယ်တိုင်မှ ပြန်လည်အပ်နှံခြင်းများကြောင့် ကျွန်းစိုက်ခင်း ဧက ၉၄,၄၀၀ ကျော် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက ဆင်ဟွာသို့ ယနေ့ နိုဝင်ဘာ ၂၀ ရက်တွင်ပြောသည်။

“ပုဂ္ဂလိက ကျွန်းစိုက်ခင်းတွေကို အရင်ကလည်း တော်တော်များများကြီး ခွင့်ပြုပေးခဲ့ပြီးပြီ။ လောလောဆယ်တော့ ပြန်စိစစ်နေတဲ့ အပိုင်းတော့ရှိပါတယ်။ တကယ်ပဲစိုက်တာလားဆိုတာကို ပြန်စိစစ်နေပါတယ်။ ပြန်စိစစ်ပြီးတော့ ပြန်သိမ်းရတာတွေလည်း ရှိပါတယ်။ တချို့ကတော့ လုံးဝမလုပ်ဘူး။ တချို့ကတော့ နည်းနည်းပါးပါးပဲ လုပ်ထားတယ်။ များများကျန်နေတယ်ပေါ့။ အဲဒါမျိုးတွေပေါ့။ ပုဂ္ဂလိကကျွန်းစိုက်ခင်းအသစ်တွေကို လောလောဆယ်မှာတော့ ခွင့်ပြုတာမျိုးမရှိသေးပါဘူး” ဟု ဒေါ်ဇင်မာထွန်းကပြောသည်။

ပုဂ္ဂလိက သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့်အညီ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲနိုင်ခွင့်ရှိသည့် သစ်တောမြေများတွင် ပုဂ္ဂလိက ကျွန်းစိုက်ခင်းတည်ထောင်ခြင်းကို သစ်တောဥပဒေပုဒ်မ ၁၄၊ ပုဒ်မခွဲ (ခ)နဲ့အညီ ၂၀၀၆ ခုနှစ်ကနေစပြီး စိစစ်ခွင့်ပြုလျက်ရှိကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သတင်းတွင် ဖော်ပြချက်အရ သိရသည်။၂၀၀၆ ခုနှစ်မှစ၍ ယနေ့အထိ ပုဂ္ဂလိက ကျွန်းစိုက်ဧကပေါင်း ၂၆၅,၆၄၄.၀၈ ဧကကို တည်ထောင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ ခွင့်ပြုရာတွင် ပုဂ္ဂလိက ကျွန်းစိုက်ခင်းများနှင့် လုပ်ငန်းရှင်များသည် ပုဂ္ဂလိက စိုက်ခင်းဆိုင်ရာ၊ တည်ထောင်ခြင်းဆိုင်ရာ စာချုပ်စည်းမျဉ်းစည်းကမ်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်နိုင်မှုမရှိခြင်း၊ စာချုပ်စည်းကမ်းဖောက်ဖျက်ခြင်းနှင့် လုပ်ငန်းရှင်ကိုယ်တိုင်က ဆောင်ရွက်နိုင်မှုမရှိ၍ ပြန်လည်အပ်နှံလာခဲ့သည့်အတွက် ပုဂ္ဂလိက ကျွန်းစိုက်ခင်း ဧကပေါင်း ၉၄,၄၂၁.၆၄ ဧက၊ ခွင့်ပြုဧရိယာ၏ ၃၅.၅၄ ရာခိုင်နှုန်း ပြန်လည်သိမ်းဆည်းခဲ့ကြောင်း MRTV သတင်းတွင် ဖော်ပြထားသည်။“ပုဂ္ဂလိကကျွန်းစိုက်ခင်းနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ ရှိပြီးသားပါ။ မစိုက်တာတွေကို စစ်လို့ပေါ်တဲ့အခါမျိုးမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ရတာမျိုးတွေ ရှိတာပေါ့။ တချို့ကျတော့လည်း မစိုက်နိုင်တော့ဘူးဆိုပြီး ပြန်လာအပ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီတစ်ဝက်လောက်က ပြန်လာအပ်ကြတာပါ။ စာချုပ်မှာပါတဲ့ စည်းကမ်းချက်တွေအတိုင်း ဆောင်ရွက်ရမှာဖြစ်လို့ စည်းကမ်းချက်တွေကို သေချာလေးဖတ်ဖို့လိုပါတယ်” ဟု ဒေါ်ဇင်မာထွန်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)