Connect with us

Media

ကျောက်ဖြူနှင့် စစ်တွေမြို့အနီး မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် “မိုခါ” ဝင်ရောက်နိုင်သောကြောင့် အနီရောင်အဆင့်သတ်မှတ်

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ မေ ၁၄ ရက် နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ” (MOCHA)အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုးဦးလှထွန်းကဆင်ဟွာသို့ ယနေ့ မေ ၁၃ ရက်တွင် ပြောသည်။

ဦးလှထွန်းက “ရခိုင်ပြည်နယ်မှာ မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းတချို့ ဒီနေ့ကနေစပြီးတော့ ဖြစ်နိုင်ပြီ။ အခုဆိုရင်ပဲ ရခိုင်ပြည်နယ်ရဲ့ တချို့ နေရာတွေမှာ မိုးသက်လေပြင်းကျတာ၊ တစ်နာရီမိုင် ၃၀ လောက် လေတိုက်တာတွေ၊ မိုးရွာတာတွေတော့ ဖြစ်နေတယ်။ လေကတော့ သိပ်မပြင်းသေးဘူး။ မိုးရွာနေပြီ။ မိုခါမုန်တိုင်းက တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံဘက်ကိုတိုးတိုးလာနေပြီ။ မုန်တိုင်းရှေ့ပြေးတိမ်တိုက်တွေကလည်း တဖြည်းဖြည်းနဲ့ ရောက်ရောက်လာတာ့မယ်” ဟုပြောသည်။

“မိုခါ”(MOCHA)ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့(Sittwe)အနီးမှ အားအလွန်ကောင်းသောအဆင့်ဖြင့် ဖြတ်ကျော် နိုင်သည့်အတွက် အနီရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ထုတ်ပြန်ထားသည်။

“မုန်တိုင်းမလာခင် ငှက်တွေက ဂနာမငြိမ် ဖြစ်လာမယ်။ အသိုက်ကနေ ပြောင်းတာတွေ ကြားဖူးတာတွေရှိတယ်။ မုန်တိုင်းဖြတ်သန်းနိုင်တဲ့ မြို့နဲ့ ရွာတချို့ မှာ မိုးရွာတာ၊ လေတိုက်တာ မဖြစ်သေးတာက လက်ရှိမှာ မိုင် ၃၀၀ လောက် ဝေးနေသေးတယ်။ ဒါကြောင့်ပါ။ မုန်တိုင်းလာမှ ရှောင်ကြမှာလား။ အန္တရာယ်ရှိတဲ့ ဇုန်တွေမို့လို့ ကျွန်တော်တို့က အနီရောင်အဆင့်သတ်မှတ်တယ်။ အန္တရာယ်က အခု ရှိမှာ မဟုတ်ဘူး။ နောင်ရှိလာမှာဖြစ်တယ်’’ ဟုဦးလှထွန်းကပြောသည်။

မုန်တိုင်းဒီရေတက်ခြင်းနှင့် ဆူနာမီဒီရေတက်ခြင်းမှာ တူညီမှုမရှိကြောင်း ဦးလှထွန်း၏ ပြောကြားချက်အရ သိရသည်။
“အခုမုန်တိုင်းဒီရေက ပင်လယ်ထဲကရေတွေက လေရဲ့ တိုက်အားနဲ့ တက်လာတာ။ ဆူနာမီကတော့ အလုံးအရင်းနဲ့ ဝုန်းကနဲဆောင့်တိုက်တာပေါ့။ လေပြင်းတိုက်လို့ ပြိုနေတဲ့ အချိန် ရေဝင်ရင်လည်း လဲရင်လဲသွားနိုင်တယ်။ လေပြင်းကြောင့် အဆောက်အဦတွေက အခြေမခိုင်ရင် လွင့်စင်သွားတာတွေ ဖြစ်နိုင်တယ်။ တိုက်တွေကတော့ ခေါင်မိုးလန်တာတွေဖြစ်နိုင်တယ်။ အလုံးအရင်းနဲ့ ဆူနာမီလို ဝင်ဆောင့်ပြီး တိုက်တွေဘာတွေ ပြိုနိုင်တဲ့ အထိတော့ မဖြစ်နိုင်သေးဘူး။ ရေကတော့ လေရဲ့ပင့်တင်အားကြောင့် ကမ်းခြေကိုဝင်လာတာပဲ ပြောလို့ရတယ်။ ရေက ၁၅ ပေကနေ ၁၆ ပေ အထိ မုန်တိုင်းဒီရေကမြင့်တက်နိုင်ပါတယ်။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)