Connect with us

Videos

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး သွားရောက် လေ့လာ

မြစ်ကြီးနား ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေများအား လေ့လာရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် မြစ်ကြီးနား မြို့သို့ဇွန် ၂ ရက်တွင် ရောက်ရှိခဲ့သည်။
တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်၏ ကချင်ပြည်နယ် ခရီးစဉ်အတွင်း ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူများ နှင့် တွေ့ဆုံ ခဲ့ ပြီး မြစ်ဆုံဆည် ဧရိယာသို့လည်း သွားရောက် လေ့လာ ခဲ့သည်။

တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ဇွန်လ ၃ ရက်တွင် ပြည်နယ် အစိုးရ အဖွဲ့ရုံး၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ နှစ်နိုင်ငံ အစိုးရ ညှိညှိနှိုင်းနှိုင်းဖြင့် အကောင်းဆုံး ပြေလည်နိုင်မည့် လမ်းကြောင်းကို သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်ကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးထဲတွင် ကချင်ပြည်နယ် သည် အရေးကြီးသည့် ပြည်နယ် တစ်ခု ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်သည် ရှည်လျားသည့် နယ်နိမိတ် ရှိပြီး အရေးကြီး သည့် ပေါင်းကူး တံတား ဖြစ်ကြောင်း ၊ နယ်စပ်ဒေသများတွင်လည်း တူညီသည့် မျိုးနွယ်စုများ ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် အတူ မန္တလေး ကောင်စစ်ဝန် Mr.Wang Yu ၊ ယခင် CPI ကုမ္ပဏီအား အမည်ပြောင်းလဲထားသည့် SPIC ကုမ္ပဏီမှ ဒုတိယ ဥက္ကဋ္ဌ Mr.Cao Jun Hua ၊ ကုမ္ပဏီရုံးချုပ် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ Mr.Liu Zhan နှင့် တာဝန်ရှိသူများ ပါဝင်ခဲ့သည်။

ထို့နောက် သံအမတ်ကြီးဦးဆောင်သည့်အဖွဲ့သည် ကချင်ပြည်နယ်ရှိ တရုတ် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် မြစ်ဆုံဆည် စီမံကိန်း တည်ရှိရာ နေရာသို့သွားရောက်၍ ယခင် CPI ကုမ္ပဏီအား အမည်ပြောင်းလဲထားသည့် SPIC ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စီမံကိန်း နှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မေခမြစ်နှင့် မလိခမြစ်တို့ပေါင်းဆုံသည့် မြစ်ဆုံ ဧရိယာသို့ သွားရောက် လေ့လာခဲ့ကြသည်။

ထို့အတူ မြစ်ဆုံဆည် စီမံကိန်းကြောင့် ပြောင်းရွှေ့နေရာချထားပေးထားသည့် အောင်မြင်သာ စံပြ ကျေးရွာသို့သွားရောက်ခဲ့ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ တိုင်းရင်းသား ရွာသူရွာသားများက ကြိုဆိုခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ ဒေသခံ ရွာသူရွာသားများ အတွက် လျှပ်စစ်ဓာတ်အားဖြင့် အသုံးပြုနိုင်မည့် ရေနွေးဓာတ်ဗူးများ လှူဒါန်းခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အဖွဲ့သည် အောင်မြင်သာ စံပြ ကျေးရွာရှိ စာသင်ကျောင်း နှင့် ဆေးရုံသို့သွားရောက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များအား လေ့လာဆွေးနွေးခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေသခံများ လုပ်ကိုင်နေသည့် ဝါးတူစက်ရုံသို့သွားရောက် လေ့လာခဲ့သည်။

ကချင်ပြည်နယ်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် ဦးဆောင်သည့် အဖွဲ့သည် ခရီးစဉ်အတွင်း ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက်ရှိ မိဘမဲ့ မေတ္တာရိပ်မြုံ ဂေဟာသို့ သွားရောက်ခဲ့ပြီး အစားအသောက် ၊ အသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့သည့် အပြင် ဂေဟာရှိ ကျောင်းသား၊ကျောင်းသူ ကလေးငယ်များနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.