Connect with us

Videos

တစ်ခေတ်တစ်ခါက မော်တော်ယာဉ်များကို သစ်သားဖြင့် ပုံစံငယ် ဖန်တီးနေသည့် မြန်မာ့ လက်မှု ပညာရှင်

ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော် ရန်ကုန်၌ မြန်မာ့ လက်မှု ပညာရှင် တစ်ဦး ဖြစ်သူ ကိုဇေယျာက ခေတ်ဟောင်းကာလက မော်တော်ယာဉ်များကို သစ်သားဖြင့် အသေးစား ဖန်တီး ပုံဖော်နေသည်မှာ သုံးနှစ် ဝန်းကျင် ရှိလာခဲ့ပြီ ဖြစ်ပါသည်။

ဒုတိယ ကမ္ဘာစစ် ကာလဝန်းကျင်က ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အများဆုံး တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့သော မော်တော်ယာဉ်ဟောင်းများကို ပုံစံတူ ပြုလုပ်လိုသည့် ၎င်း၏ ဝါသနာကို ၂၀၁၆ ခုနှစ်တွင် စတင် အကောင်အထည် ဖော်လာခဲ့သည်။

ကိုဇေယျာသည် ၎င်း၏ ဝါသနာကို အကောင်အထည် မဖော်မီက ကားစက်ပြင် အလုပ်ရုံများတွင် ဆယ်စုနှစ် တစ်ခု အကြာ လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။ “ကျွန်တော် လက်ရာတွေကို လုပ်တဲ့ အခါမှာ သစ်သားက ထွင်းရ ၊ လှီးရတာ လွယ်ကူတဲ့ အတွက် သစ်သား နဲ့အဓိက လုပ်ဖြစ်ပါတယ်။ ကလေး ဘဝတွေထဲက မော်တော်ယာဉ်တွေနဲ့အကျွမ်းတဝင် ဖြစ်ခဲ့တော့ အသေးစား ပုံစံတူ ပြုလုပ်ရတာ ကျွန်တော် အတွက် မခက်ခဲစေပါဘူး။”ဟု ကိုဇေယျာက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဖခင် ဖြစ်သူမှာ မော်တော်ယာဉ် မောင်းနှင်သူ တစ်ဦး ဖြစ်သဖြင့် ၎င်း၏ ငယ်စဉ် ကလေးဘဝ တစ်လျောက် မော်တော်ယာဉ်များပေါ်တွင် အချိန်အများဆုံး ကုန်ဆုံး လာသူ ဖြစ်ခဲ့သည်။ထို့အတွက်ကြောင့် ကလေးဘဝ အချိန် ကတည်းက မော်တော်ယာဉ်များအပေါ် ချစ်မြတ်နိုးသည့် အရင်းခံစိတ်များ ဖြစ်တည်လာခဲ့ပြီး ကြီးပြင်းလာချိန်တွင် ငယ်စဉ်က တွေ့ကြုံခဲ့ရသည့် မော်တော်ကား အသေးစား ပုံစံငယ်များကို ဖန်တီးပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါး ဖြစ်လာသည့် မာဇဒါ( Mazda )ယာဉ်အမျိုးအစား (ကေ ၃၆၀ ၊ ဘီ ၃၆၀ ၊ ဘီ ၆၀၀ ) ၊ သုံးဘီး ဟီးနိုး (Hino) ဘီအမ်ကား ၊ တီအီးကား နှင့် ချက်ပလက်(Chevrolet) ဘတ်စ်ကား နှင့် ဒေါ့ဂျစ်(Dodge) မော်တော် ယာဉ်ဟောင်းများကို ကိုဇေယျာက အသေးစား ပုံစံတူ အနုစိတ် ဖန်တီး ပုံဖော်ခဲ့ပြီး မော်တော်ကားတစ်စင်းလျင် တန်ဖိုးအားဖြင့် အနည်းဆုံး ငွေကျပ် ခုနှစ်သောင်း မှ အများဆုံး နှစ်သိန်းကျပ် အထိ ရှိနေသည်။ “အထူးသဖြင့် ၁၉၃၂-၁၉၃၅ ခုနှစ် ကာလမှ မော်တော်ကားဟောင်းတွေကို ပိုပြီး စိတ်ဝင်စားတယ်။ယခုခေတ်ပေါ်ကား ပုံစံတွေကို တော့ သိပ်မကြိုက်ဘူး။” ဟု ကိုဇေယျာက ပြောသည်။

၎င်း၏ မော်တော်ယာဉ် ပုံစံငယ် ဖန်တီးမှု လက်ရာ ၉၀ ရာခိုင်နှုန်းမှာ သစ်သားဖြင့်သာ ပြုလုပ်ခဲ့ပြီး ကားစတီယာရင်တိုင် အပါအဝင် တစ်ချို့အစိတ်အပိုင်းများအား သံပြား ၊ ကြေး များဖြင့် ပြုလုပ်ခဲ့သည်ဟု ဆို၏ ။ မော်တော်ယာဉ် ပုံစံတူ အသေးစားများအား အရူးအမူး စုဆောင်းသူများက ကိုဇေယျထံ မှာယူမှု အများအပြား ရှိနေကြ သော်လည်း ကိုဇေယျာက အဆိုပါ လုပ်ငန်းကို ချဲ့ထွင်ရန် မရည်ရွယ်ထားဘဲ အများဆုံး မှာယူမှု ၁၀ ခုသာ လက်ခံပြီး တစ်လတွင် မော်တော်ကား အသေးစား ပုံစံတူ လေးခုထိသာ ပြုလုပ်လျက် ရှိနေသေးသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.