Connect with us

Videos

ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတကာ သံတမန်များ ဒုတိယ အကြိမ်တွေ့ဆုံ

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတကာ သံတမန်များသည် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ယနေ့ နံနက်ပိုင်းတွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်း ဆွေးနွေးပွဲ၌ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများကို လှေဖြင့် သွားနေသည့် လူများ ကိစ္စ နိုင်ငံတကာ သံတမန်များက ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံသားဟု ဆိုသည့် လူအားလုံးကို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးမှုများ လုပ်ကာ မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထား ပြနိုင်လျှင် သက်ဆိုင်ရာ နေရာများကို ခေါ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘက်က ပြန်လည် ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

အဆိုပါ လှေဖြင့်သွားရောက်နေသည့် လူများသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေကြောင့် ထွက်ပြေး တိမ်းရှောင်နေသည့် ဒုက္ခသည်များဟု မြန်မာနိုင်ငံဘက်မှ မမြင်ကြောင်း၊ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူများကို မလေးရှား၊ အင်ဒိုနီးရှားတို့ကို ပို့ဆောင်ကာ လူမှောင်ခိုကူးသည့် အကျိုးဆက်များ ဖြစ်ကြောင်း နိုင်ငံတကာ သံတမန်များကို ပြန်လည် ရှင်းလင်းပြခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။

ယနေ့ ဆွေးနွေးပွဲ၌ ရွေးကောက်ပွဲ မဲစာရင်းများ ပြုလုပ်နေမှု အခြေအနေများ၊ လွှတ်တော်၌ ဆွေးနွေးနေသည့် ကိုးကွယ်ရာ ဘာသာနှင့် လူဦးရေ ထိန်းညှိရေး ဥပဒေများ အခြေအနေနှင့် ယာယီ သက်သေခံ လက်မှတ် ကိစ္စများကို နိုင်ငံတကာ သံတမန်များနှင့် ဆွေးနွေးခဲ့ကြသည်။

လူဝင်မှု ကြီးကြပ်ရေး ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံတွင် ၇ သိန်းကျော်ရှိပြီး လေးသိန်းကျော် ပြန်လည်အပ်ထားပြီး ဖြစ်ကြောင်း၊ ပြန်လည်အပ်ထားသည့် သူများထဲမှ တစ်ထောင် ကျော်လောက်ကို စိစစ်ပြီး ရနိုင်သည့် နိုင်ငံသားအဆင့်ကို သတ်မှတ်ပေးပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဦးခင်ရီက ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်း၌ ဖြစ်ပေါ်နေသော အခြေအနေများကို နိုင်ငံတကာ သံတမန်များကို ရှင်းလင်းပြကာ သံတမန်များဘက်မှ အကြံဉာဏ်များ ရယူပြီး ဆွေးနွေးခဲ့ကြကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံတမန်များ တက်ရောက်ပြီး သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်တို့ တက်ရောက် ဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.